◾️ ယခုဖွင့်လှစ်သည့် တန် ၄၀,၀၀၀ ရေလုံလွန်းကျင်းတွင် ပထမဆုံး စတင်တည်ဆောက်မည့် စစ်ရေယာဉ် ၂ စီး ဧရာခင်း မင်္ဂလာအခမ်းအနားအပါအဝင် ဖရီးဂိတ်စစ်ရေယာဉ်ကြီး စစ်ရေယာဉ်(သာလွန်မင်း)နှင့် မြစ်တွင်းသွား ဘက်စုံသုံးစစ်ရေယာဉ် ၄ စီးတို့ကိုလည်း တပ်တော်ဝင်နိုင်မည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ပြောကြား
◾️ ယနေ့ တပ်တော်ဝင်ခဲ့သည့် ဖရီးဂိတ်စစ်ရေယာဉ်(သာလွန်မင်း)သည် အရွယ်အစားအကြီးမားဆုံး ကိုယ်တိုင်တည်ဆောက် တပ်တော်ဝင်နိုင်ခဲ့သည့် စစ်ရေယာဉ်ဖြစ်
၈. ၃. ၂၀၂၆
Written by Nyein Kyaw
တပ်မတော်(ရေ)မှ ရေတပ်သင်္ဘောကျင်းဌာနချုပ်၊ တန် ၄၀,၀၀၀ ရေလုံလွန်းကျင်း ဖွင့်ပွဲအခမ်းအနား၊ ရေငုပ်သင်္ဘောတိုက်ဖျက်ရေးရေယာဉ် ၂ စီး၏ ဧရာခင်းမင်္ဂလာအခမ်းအနားနှင့် စစ်ရေယာဉ်များ တပ်တော်ဝင်ခြင်းအခမ်းအနားများအား ယနေ့ နံနက်ပိုင်းတွင် သန်လျင်တပ်နယ်၊ ရေတပ်သင်္ဘောကျင်းဌာနချုပ်၊ တန် ၄၀,၀၀၀ ရေလုံလွန်းကျင်း တည်ဆောက်ရေးအလုပ်ရုံနှင့် ရေတပ်ဆိပ်ခံတံတားတို့၌ ကျင်းပရာ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ချီးမြှင့်သည်။
အဆိုပါအခမ်းအနားများသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကော်မရှင်အတွင်းရေးမှူး ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီးထိန်ဝင်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်၊ ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဆင့်မြင့်တပ်မတော်အရာရှိကြီးများ တက်ရောက်ခဲ့သည်။
ဦးစွာ ရေတပ်သင်္ဘောကျင်းဌာနချုပ်၊ တန် ၄၀,၀၀၀ ရေလုံလွန်းကျင်း ဖွင့်ပွဲအခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ရောက်ရှိခဲ့ပြီး တန် ၄၀,၀၀၀ ရေလုံလွန်းကျင်း ကမ္ဗည်းကျောက်စာတိုင်အား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီးနောက် တန် ၄၀,၀၀၀ ရေလုံလွန်းကျင်း ကမ္ဗည်းကျောက်စာတိုင်အား အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းပေးကြသည်။
ထို့နောက် အခမ်းအနားဒုတိယပိုင်းကို တည်ဆောက်ရေးအလုပ်ရုံ၌ ဆက်လက်ကျင်းပရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ယနေ့သည် တပ်မတော်(ရေ)အတွက်သာမက မြန်မာနိုင်ငံတွင်ပါ စွမ်းဆောင်ရည်အရလည်းကောင်း၊ အရွယ်အစားအရလည်းကောင်း အကြီးမားဆုံးဖြစ်လာမည့် ရေတပ်သင်္ဘောကျင်းဌာနချုပ်၊ တန် ၄၀,၀၀၀ ရေလုံလွန်းကျင်းကြီးကို အောင်မြင်စွာ တည်ဆောက်ဖွင့်လှစ်နိုင်ခဲ့သကဲ့သို့ ယခုဖွင့်လှစ်သည့် တန် ၄၀,၀၀၀ ရေလုံလွန်းကျင်းတွင် ပထမဆုံး စတင်တည်ဆောက်မည့် စစ်ရေယာဉ် ၂ စီး ဧရာခင်း မင်္ဂလာအခမ်းအနားအပါအဝင် တပ်မတော်(ရေ)တွင် တည်ဆောက်ခဲ့သည့် ဖရီးဂိတ်စစ်ရေယာဉ်ကြီး စစ်ရေယာဉ်(သာလွန်မင်း)နှင့် မြစ်တွင်းသွား ဘက်စုံသုံးစစ်ရေယာဉ် ၄ စီး တို့ကိုလည်း တပ်တော်ဝင်နိုင်မည်ဖြစ်ခြင်းကြောင့် နိုင်ငံတော်နှင့် တပ်မတော်အတွက် ဂုဏ်ယူစရာကောင်းပြီး အားသစ်လောင်းသည့် နေ့တစ်နေ့ပင် ဖြစ်ကြောင်း ပြောကြားသည်။
အနာဂတ်တပ်မတော်(ရေ)အတွက် လိုအပ်သည့်စစ်ရေယာဉ်များ ကိုယ်တိုင်တည်ဆောက်၊ ပြုပြင်နိုင်ရန်အပြင် နိုင်ငံတော်၏ အကျိုးစီးပွားကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်ရန်အတွက် အရပ်ဘက်ကုန်တင်ရေယာဉ်ကြီးများ တည်ဆောက်၊ ပြုပြင်နိုင်သည်အထိရည်သန်၍ ရေလုံလွန်းကျင်းကြီး တည်ဆောက်နိုင်ရေးကို စဉ်းစားသုံးသပ်ပြီး ၂၀၁၈ ခုနှစ်မှစပြီး စီစဉ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။





တပ်မတော်(ရေ)အနေဖြင့် ရေယာဉ်တည်ဆောက်ရေးကဏ္ဍကို ကြည့်မည်ဆိုပါက အရွယ်အစားကြီးမားသည့် ဖရီးဂိတ်စစ်ရေယာဉ်ကြီးများကို ပြည်တွင်း၌ပင် ကိုယ်တိုင်တည်ဆောက် တပ်တော်ဝင်နိုင်ခဲ့ခြင်းကြောင့် တပ်မတော်၏ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များ ထမ်းဆောင်နိုင်မှုကို အထောက်အကူများစွာ ဖြစ်စေခဲ့သည့်အပြင် မြန်မာ့ရေပြင်ပိုင်နက် စိုးမိုးလုံခြုံရေးကိုလည်း ကောင်းမွန်စေခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။
ယနေ့ ဧရာခင်းမင်္ဂလာအခမ်းအနားပြုလုပ်မည့် စစ်ရေယာဉ် ၂ စီးသည် ယခုတန် ၄၀,၀၀၀ ရေလုံလွန်းကျင်းတွင် စတင်တည်ဆောက်မည့် စစ်ရေယာဉ်များဖြစ်ပြီး အဆိုပါရေယာဉ်များ တည်ဆောက်နိုင်ခြင်းဖြင့် မြန်မာ့ပင်လယ်ပြင်အတွင်း ကာကွယ်ရေးစွမ်းဆောင်ရည်များ တိုးတက်မြင့်မားလာစေမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။
တပ်မတော်(ရေ) အနေဖြင့် ရေယာဉ်တည်ဆောက်ရေးလုပ်ငန်းများကို ၁၉၆၀ ပြည့်နှစ်က စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်သဖြင့် တည်ဆောက်ရေး အတွေ့အကြုံကောင်းများရှိပြီးဖြစ်သော်လည်း ယနေ့ ခေတ်နှင့်အညီ ဖွံ့ဖြိုးတိုးတက်နေသည့် ရေယာဉ်တည်ဆောက်ရေး နည်းစနစ်များကိုလည်း မျက်ခြည်မပြတ် လေ့လာသင်ယူပြီး အသုံးချနိုင်ရေး တစိုက်မတ်မတ် ကြိုးစားအားထုတ် သွားရမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မှာကြားသည်။
၎င်းနောက် ရေငုပ်သင်္ဘော တိုက်ဖျက်ရေးရေယာဉ် ၂ စီး၏ ဧရာခင်းမင်္ဂလာ အခမ်းအနား ကျင်းပပြုလုပ်ရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ရေငုပ်သင်္ဘော တိုက်ဖျက်ရေးရေယာဉ် ၂ စီးတို့၏ ဧရာနှင့် Frame တို့အား စက်ခလုတ်နှိပ် ဂဟေတွဲဆက်၍ ရေယာဉ်တည်ဆောက်မှုလုပ်ငန်းအား စတင်ပေးခဲ့ပြီး ဧရာခင်းမင်္ဂလာကြေးပြားများနှင့် ကိုယ်ထည်အစိတ်အပိုင်းများအား မင်္ဂလာအမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းပေးသည်။
ရေတပ်သင်္ဘောကျင်းဌာနချုပ်၏ သင်္ဘောကျင်းစီမံကိန်းကို အဆင့်သုံးဆင့်ဖြင့် စတင်တည်ဆောက်ခဲ့ပြီး ပထမအဆင့်စီမံကိန်းအား ၁၉၉၈ ခုနှစ်မှ ၂၀၀၂ ခုနှစ်အထိလည်းကောင်း၊ ဒုတိယအဆင့်စီမံကိန်းအား ၂၀၀၉ ခုနှစ်မှ ၂၀၁၃ ခုနှစ်အထိ လည်းကောင်းအောင်မြင်စွာ တည်ဆောက်ဖွင့်လှစ်နိုင်ခဲ့ပြီး စစ်ရေယာဉ်များ၊ ဌာနဆိုင်ရာ ပုဂ္ဂလိကရေယာဉ်များအား တည်ဆောက်ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ခဲ့သည်။ တတိယအဆင့်စီမံကိန်းအား ၂၀၁၉ ခုနှစ်မှ စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ယနေ့တွင် တတိယအဆင့်စီမံကိန်းတည်ဆောက်မှုအား အောင်မြင်စွာဖွင့်လှစ်နိုင်ခဲ့ခြင်းဖြစ်သည်။
ရေတပ်သင်္ဘောကျင်းဌာနချုပ်၊ တန် ၄၀,၀၀၀ ရေလုံလွန်းကျင်းတွင် အရွယ်အစားကြီးမားသော စစ်ရေယာဉ်ကြီးများတည်ဆောက်နိုင်မည့်အပြင် တန်ချိန် ၄၀,၀၀၀ တင်ဆောင်နိုင်သော ကုန်သွယ်ရေယာဉ် ၁ စီး၊ (သို့မဟုတ်) စစ်ရေယာဉ်ကြီး ၂ စီးတို့အား တစ်ပြိုင်နက်တည်းတည်ဆောက်ခြင်း၊(သို့မဟုတ်) လွန်းတင်ပြင်ဆင်ခြင်းတို့ကို ဆောင် ရွက်နိုင်မည်ဖြစ်ကြောင်းနှင့် စစ်ရေယာဉ်ကြီးများ၊ ကုန်တင်ရေယာဉ်ကြီးများ၊ ကွန်တိန်နာတင်ရေယာဉ်ကြီးများကို တည်ဆောက်ပြုပြင် နိုင်မည်ဖြစ်သဖြင့် နိုင်ငံ့ရေကြောင်းအကျိုးစီးပွားနှင့် နိုင်ငံ့ရေကြောင်းစွမ်းအားတို့ကို ပိုမိုမြှင့်တင်ဆောင်ရွက်လာနိုင်မည်ဖြစ်ပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအထောက်အကူပြု ဆောင်ရွက်လာနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။
ဆက်လက်၍ တပ်မတော်(ရေ)မှ စစ်ရေယာဉ်များတပ်တော်ဝင်ခြင်း အခမ်းအနားကို ရန်ကုန်မြို့ရှိ ရေတပ်ဆိပ်ခံတံတား၌ ကျင်းပပြုလုပ်ရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တက်ရောက်ချီးမြှင့်သည်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံ ကာကွယ်ရေးဦးစီးချုပ်(ရေ)က တပ်တော်ဝင်အခမ်းအနား အထိမ်းအမှတ် စစ်ရေယာဉ်ပုံစံငယ်များအား ဂါရဝပြုပေးအပ်သည်။
ထို့နောက် စစ်ရေယာဉ်များတပ်တော်ဝင် ဆောင်ရွက်နိုင်ရန်အတွက် တပ်တော်ဝင်တံခွန် အလံများအား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ကာကွယ်ရေးဦးစီးချုပ်(ရေ)ထံ လွှဲပြောင်းပေးအပ်ရာ ကာကွယ်ရေးဦးစီးချုပ်(ရေ)က လက်ခံရယူပြီး သက်ဆိုင်ရာ စစ်ရေယာဉ်မှူးများထံ ဆက်လက်လွှဲပြောင်းပေးအပ်သည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် စစ်ရေယာဉ်(မုတ္တမ)ပေါ်သို့ ရောက်ရှိပြီး ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးပြီးနောက် အလေးပြုခံစင်မြင့်မှနေ၍ ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကိုခံယူပြီး ဂုဏ်ပြုတပ်ဖွဲ့ကိုစစ်ဆေးသည်။ ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကိုခံယူနေစဉ် စစ်ရေယာဉ်(ရန်တိုင်းအောင်)နှင့် စစ်ရေယာဉ် (ရန်ကြီးအောင်)တို့မှ အမြောက် ၂၁ ချက်ပစ်ဖောက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား ဂုဏ်ပြုအလေးပြုကြသည်။
ယနေ့ တပ်မတော်(ရေ)စစ်ရေယာဉ်များ တပ်တော်ဝင်ခြင်းအခမ်းအနားတွင် တပ်တော်ဝင်ခဲ့သည့် ဖရီးဂိတ်စစ်ရေယာဉ်ကြီး စစ်ရေယာဉ်(သာလွန်မင်း)သည် တပ်မတော်(ရေ) ရေယာဉ်တည်ဆောက်မှုသမိုင်း၌ အရွယ်အစားအားဖြင့် အကြီးမားဆုံးကိုယ်တိုင်တည်ဆောက် တပ်တော်ဝင်နိုင်ခဲ့သည့် စစ်ရေယာဉ်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် အချိန်ကာလ တစ်လကျော်အတွင်း စုစုပေါင်းခုတ်မောင်းချိန် ၂၇၉ နာရီ၊ ခရီးအကွာအဝေးရေမိုင် ၃,၄၁၈ မိုင် ခရီးရှည်စမ်းသပ်မောင်းနှင်ခဲ့ပြီး စမ်းသပ်မောင်းနှင်သည့် ခရီးစဉ်အတွင်း စံချိန်စံညွှန်းပြည့်မီမှုဆိုင်ရာ စမ်းသပ်မောင်းနှင်ခြင်းများ၊ ရေယာဉ်၌ တပ်ဆင်ထားသည့် ကိရိယာများ အလိုက် သတ်မှတ် စံချိန်စံညွှန်းများအတိုင်း အသုံးပြုနိုင်မှုအား စမ်းသပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး ယနေ့တွင် တပ်တော်ဝင်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
