
MT News
၈. ၃. ၂၀၂၆
မြန်မာနိုင်ငံ၏ ဘောလုံးနည်းပြကဏ္ဍကို အဆင့်မြင့်မားလာစေရန် ရည်ရွယ်၍ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) နှင့် အာရှဘောလုံးအဖွဲ့ချုပ် (AFC) တို့ ပူးပေါင်းစီစဉ်သည့် AFC/MFF Pro Diploma Coaching Course Module-I ဖွင့်ပွဲအခမ်းအနားကို ယနေ့ ၂၀၂၆ ခုနှစ်၊ မတ်လ ၈ ရက် (တနင်္ဂနွေနေ့) နံနက် (၁၀:၃၀) နာရီတွင် ရန်ကုန်မြို့ရှိ Novotel Hotel, Pathein Room ၌ ကျင်းပခဲ့သည်။
အခမ်းအနားသို့ အာရှဘောလုံးအဖွဲ့ချုပ် အကြီးတန်းဒုတိယဥက္ကဋ္ဌနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်၊ ဒုတိယ ဥက္ကဋ္ဌ ဦးထိပ်ခွန်နောင်မြင့်ဝေနှင့် တာဝန်ရှိသူများ၊ အာရှဘောလုံးအဖွဲ့ချုပ်မှ Deputy Technical Director Mr. Takeshi Ono ၊ အာရှဘောလုံးအဖွဲ့ချုပ်မှ တာဝန်ပေးအပ်ထားသော သင်တန်းဆရာနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် နည်းစနစ်ဒါရိုက်တာ ဖြစ်သူ Mr. Michiteru Mita၊ သင်တန်းသားများ တက်ရောက်ခဲ့ကြသည်။
ဤသင်တန်းသည် မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် ဖွင့်လှစ်နိုင်ခဲ့သည့် အမြင့်ဆုံးအဆင့် နည်းပြသင်တန်း ဖြစ်ပြီး မြန်မာ့ဘောလုံးလောကအတွက် အလွန်အရေးပါသော ခြေလှမ်းတစ်ခုလည်း ဖြစ်သည်။
AFC ‘Pro’ Diploma Coaching Course ဆိုသည်မှာ အာရှဘောလုံးအဖွဲ့ချုပ် (AFC) မှ အသိအမှတ်ပြုထားသော နည်းပြလောကတွင် အမြင့်ဆုံး အရည်အချင်းစစ် လက်မှတ်တစ်ခု ဖြစ်သည်။ နိုင်ငံတကာသတ်မှတ်ချက်များအရ ကမ္ဘာ့ဖလားခြေစစ်ပွဲများ၊ အာရှဖလားနှင့် အဆင့်မြင့် ကလပ်အသင်းပြိုင်ပွဲများ (ဥပမာ – AFC Champions League) တွင် အသင်းကို တရားဝင် ကိုင်တွယ်ခွင့်ရရန် ဤ ‘Pro’ လိုင်စင်မှာ မဖြစ်မနေ လိုအပ်ပြီး ပြည်ပတွင်ဆိုပါက သင်တန်းသား တစ်ဦးလျင် ဒေါ်လာ နှစ်သောင်းကျော်ထိ ကုန်ကျနိုင်သော အဆင့်မြင့်သင်တန်းဖြစ်သည်။
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် အာရှဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် AFC/MFF Pro Diploma Coaching Course Module-I သင်တန်းသို့ တက်ရောက်ခွင့်ရရှိသည့် နည်းပြ (၁၆) ဦးတွင် မြန်မာ့လက်ရွေးစင်ကစားသမားဟောင်းများ၊ MNL မှ နည်းပြများ၊ အမျိုးသမီးအသင်း၊ U 19 နှင့် U 16 မှ တာဝန်ရှိသူများ တက်ရောက်ခွင့်ရခဲ့ကြောင်း သိရသည်။
