၇.၃.၂၀၂၆
Written by Thiri
ဆန်ဂိုဒေါင်မှာ နေ့စားဆန်ထမ်းလုပ်သားအဖြစ် လုပ်ကိုင်ရင်း ဆန်အိတ်ပုံတွေဘေး ချောင်ထဲဝင်ထိုင်ရင်းအနားယူနေရာက ဆန်အိတ်ပြိုကျပိမိကာ သေဆုံးနေတာကို ရက် ၂၀ ကျော်ကြာမှ လုပ်ဖော်ကိုင်ဖက်တွေက တွေ့ရှိသိမြင်တဲ့ ဖြစ်စဉ် မတ်လ ၅ ရက်နေ့က ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်မှာ ဖြစ်ပွားခဲ့ပါတယ်။
အဆိုပါ သေဆုံးသူနှစ်ဦးက လှိုင်သာယာမြို့နယ်၊ အတွင်းပဒံရပ်ကွက်နဲ့ အပြင်ပဒံ ရပ်ကွက်မှာ နေထိုင်သူတွေဖြစ်ကာ တစ်ဦးက အသက် ၂၆ နှစ်လို့ သိရပြီး နောက်တစ်ဦးက အသက် ၃၅ နှစ်လို့ သိရှိရပါတယ်။ အလုပ်ချိန် ခဏရှောင်ရင်း အဆိုပါနေရာမှာ နှစ်ဦးသား ဝင်နားဟန်ယူဆရပြီး အဲဒီအချိန် ဆန်အိတ်ပြိုကျကာ နှစ်ဦးသားပေါ် ပိမိသွားပုံရကြောင်း၊ ဆန်အိတ်တွေက အပေါ်ကနေပြိုကျတာမျိုးမဟုတ်ဘဲ အလယ်ကနေ အိကာ ပြိုကျတာမျိုးမို့ ဆန်အိတ်ပုံအထပ်ကြီးမှာလည်း သိသိသာသာ ယိုယွင်းသွားခြင်းမရှိလို့ လုပ်ငန်းခွင်တွင်းက လူတွေကလည်း သတိမထားခဲ့မိဘူးလို့ ဖြစ်စဉ်ကို မျက်မြင်ကြုံတွေ့ သိရှိရသူ ဒေသခံတချို့က ဆိုပါတယ်။


ဆန်တွေ ရောင်းဝယ်သူတွေဆီ တင်ပို့အပြီး ဂိုဒေါင်တွင်း နေရာပြန်ရှင်းရာက မတ်လ ၅ ရက်နေ့မှာ အဆိုပါ ရုပ်အလောင်းနှစ်လောင်းကို အလုပ်သမားတွေက တွေ့ရှိခဲ့တာမို့ တာဝန်ရှိသူတွေဆီ အသိပေးအကြောင်းကြားခဲ့တာလို့လည်း သိရပါတယ်။
“နှစ်ဦးသား ပျောက်သွားတာက ဖေဖော်ဝါရီလ ၁၀ ရက်နေ့ကတည်းကလို့ သိရပါတယ်။ တစ်ဦးကတော့ ဇက်ကျိုးထားတာမို့ နေရာတင် သေဆုံးပုံရတယ်။ နောက်တစ်ဦးက ချက်ချင်း အသက်မဆုံးဘူး ထင်ပါတယ်။ ပြန်တွေ့တာတော့ နှစ်ဦးစလုံး အရိုးကျသလောက် ဖြစ်နေပြီ။ ဆန်ဂိုဒေါင်ဆိုတော့လည်း ဆန်က အနံ့ထိန်းတော့ ဖယ်ထုတ်မှသာ သိကြတာ။ အလုပ်သမားတွေက ဆန်အိတ်တွေ မ’ တော့ ဆံပင်တွေပါလာတာမှာ ဆက်ရှင်းရင်း အလောင်းပေါ်လာတာ”‘ လို့ ဖြစ်စဉ်ကို သိရှိတဲ့ မြေပြင်အကူအညီ ရောက်ရှိခဲ့သူတစ်ဦးက ဆိုပါတယ်။
အလုပ်သွားရာက အိမ်ပြန်ရောက်မလာလို့ မိသားစုဝင်တွေ စိတ်ပူပန်နေရတဲ့ သူနှစ်ဦးက သူတို့တွေးထင်သလို စုဆောင်းခံရတာမျိုးနဲ့ အသက်ရှင်လျက် ရှိမနေတော့ဘဲ လုပ်ငန်းခွင်မတော်တဆမှုကြောင့် သေဆုံးခဲ့တာဖြစ်နေလို့ မိသားစုဝင်တွေ ပိုမိုယူကြုံးမရဖြစ်ကာ ပူဆွေးနေကြရတယ်လို့လည်း သိရပါတယ်။
ရုပ်အလောင်းတွေကိုတော့ ပရဟိတအသင်းက သယ်ဆောင်ကာ လှိုင်သာယာဆေးရုံကြီး ရင်ခွဲရုံဆီ သက်ဆိုင်ရာက ရင်ခွဲ စစ်ဆေးတာတွေ ပြုလုပ်ဖို့ ပို့ဆောင်အပြီး နေ့တွင်းချင်းပဲသင်္ဂြိုဟ်နိုင်အောင် စီစဉ်ပေးခဲ့တယ်လို့ သိရပါတယ်။


