သက်တံ့
၇. ၃. ၂၀၂၆
ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (BGB) အဖွဲ့ဝင်များသည် မြန်မာနိုင်ငံဘက်ခြမ်းမှ ရခိုင်အကြမ်းဖက် သူပုန်လက်နက်ကိုင်အဖွဲ့ဖြစ်သည့် AA ၏ ဖမ်းဆီးခြင်းခံထားရသော ဘင်္ဂလားဒေ့ရှ်လူငယ် ၃ ဦးကို ပြန်လည်ခေါ်ဆောင်နိုင်ခဲ့သည်။
အဆိုပါလူငယ် ၃ ဦးကို သောကြာနေ့ မွန်းတည့်ချိန်တွင် ဘန်ဒါဘင် (Bandarban) ခရိုင်၊ ဂွန်ဒွန် (Ghumdhum) နယ်စပ်ရှိ ချစ်ကြည်ရေးတံတားမှတစ်ဆင့် BGB ထံသို့ လွှဲပြောင်းပေးခဲ့ခြင်းဖြစ်သည်။ ပြန်လည်လွတ်မြောက်လာသူများမှာ အသက် ၂၈ နှစ်အရွယ် Md Bappi၊ အသက် ၁၈ နှစ်အရွယ် Osman Gani Rabbi နှင့် အသက် ၂၂ နှစ်အရွယ် Md Jony Mia တို့ ဖြစ်ကြသည်။
ကော့ဘဇား (Cox’s Bazar) အခြေစိုက် ၃၄-BGB ၏ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး SM Khairul Alam က ပြောကြားရာတွင် လူငယ်တစ်ဦးမှာ ဖေဖော်ဝါရီ ၁၄ ရက်နေ့က တမ်ဗရူး (Tumbru) နယ်စပ်ဒေသတွင် AA ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရပြီး ကျန်နှစ်ဦးမှာ ဖေဖော်ဝါရီ ၂၈ ရက်နေ့က နယ်စပ်နှင့် ထိစပ်နေသော အူခီယာ (Ukhiya) ဒေသရှိ Balukhali မြစ်အတွင်း ငါးဖမ်းနေစဉ် ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရခြင်းဖြစ်သည်။
နစ်နာသူ မိသားစုဝင်များ၏ သတင်းပေးချက်အရ BGB တာဝန်ရှိသူများသည် AA နှင့် အဆက်မပြတ် ဆက်သွယ်ဆောင်ရွက်ခဲ့ပြီး လိုအပ်သော ညှိနှိုင်းမှုများနှင့် မပြတ်မတောက် ကြိုးပမ်းအားထုတ်မှုများကြောင့် သောကြာနေ့တွင် ၎င်းတို့ကို ပြန်လည်ခေါ်ဆောင်နိုင်ခဲ့ခြင်း ဖြစ်သည်။ လက်ရှိတွင် လူငယ် ၃ ဦးလုံးကို ၎င်းတို့၏ မိသားစုများထံ ပြန်လည်အပ်နှံပြီးဖြစ်ကြောင်း သိရသည်။
“BGB အနေနဲ့ နယ်စပ်လုံခြုံရေးအတွက် ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်စပ်တစ်လျှောက် တောင်ပိုင်းဒေသတွေမှာ တာဝန်ထမ်းဆောင်နေပါတယ်။ နယ်စပ်စောင့်ကြပ်ရုံတင်မကဘဲ ကော့ဘဇားတပ်ရင်းအနေနဲ့ မှောင်ခိုကူးသန်းမှု၊ မူးယစ်ဆေးဝါး၊ တရားမဝင် ကျူးကျော်ဝင်ရောက်မှုနဲ့ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတွေကို တားဆီးဖို့ ကျွမ်းကျင်စွာ လုပ်ဆောင်နေပါတယ်” ဟု ဒုတိယဗိုလ်မှူးကြီး Khairul Alam က ဖြည့်စွက်ပြောကြားခဲ့သည်။
Ref : Daily Sun
