◾ ကျယ်ပြန့်သောတိုက်ခိုက်မှုတစ်ခုအဖြစ် တီဟီရန်နှင့် လေဆိပ်ကို တိုက်ခိုက်ကြောင်း အစ္စရေးကြေညာ
၇.၃.၂၀၂၆
Translated by Htwe Ko Tun
အမေရိကန်သမ္မတ ဒေါ်နယ်ဒ်ထရမ့်ပ်က အရှိန်မြင့်တက်လာတဲ့ အရှေ့အလယ်ပိုင်းစစ်ပွဲကို ပြီးဆုံးရေးအတွက် အီရန်အဖို့ ခြွင်းချက်မရှိ လက်နက်ချတဲ့နည်းလမ်းသာ ရှိတယ်လို့ ပြောကြားခဲ့ပြီး နောက်မှာတော့ မတ်လ ၇ ရက်မှာ အစ္စရေးက တီဟီရန်ရှိ အစိုးရပစ်မှတ်တွေကို ကျယ်ပြန့်တဲ့ တိုက်ခိုက်မှုလှိုင်းသစ်တစ်ခု စတင်ပြုလုပ်တယ်လို့ ကြေညာခဲ့ပါတယ်။
တီဟီရန်မြို့ရှိ မီရာဘတ်လေဆိပ်ကို တိုက်ခိုက်ခံခဲ့ရတယ်လို့ Tasnim သတင်းဌာနက ဖော်ပြခဲ့ပေမယ့် အီရန်တော်လှန်ရေးအစောင့်တပ်မှ ချက်ချင်းတစ်စုံတစ်ရာမှတ်ချက်ပေးခြင်း မရှိသေးပါဘူး။

အရှေ့အလယ်ပိုင်းရှိ အမေရိကန်တပ်ဖွဲ့တွေအတွက် တာဝန်ရှိတဲ့ အမေရိကန်ဗဟိုစစ်တိုင်းက ပြီးခဲ့တဲ့အပတ်အတွင်း အီရန်ပစ်မှတ် ၃၀၀၀ ကျော်ကို တိုက်ခိုက်ခဲ့တယ်လို့ ပြောကြားခဲ့ပြီး ၎င်းတို့မှာ တော်လှန်ရေးအစောင့်တပ်ဌာနချုပ်၊ ကွပ်ကဲမှုနှင့် ထိန်းချုပ်ရေးဌာနတွေ၊ လေကြောင်းကာကွယ်ရေးစနစ်တွေ၊ ဒုံးကျည်စခန်းတွေ၊ ရေတပ်စစ်သင်္ဘောတွေနဲ့ ရေငုပ်သင်္ဘောတွေ ပါဝင်တယ်လို့ ဆိုပါတယ်။
အစ္စရေးကလည်း လက်ဘနွန်နိုင်ငံအပေါ် လေကြောင်းတိုက်ခိုက်မှုတွေကို အရှိန်မြှင့်ခဲ့ပြီး အီရန်ထောက်ခံတဲ့ ဟစ်ဇ်ဘိုလာအုပ်စုတွေရှိရာ ဘေရွတ်မြို့ တောင်ပိုင်းဆင်ခြေဖုံးနဲ့ အရှေ့ဘက်ရှိ ဘာလ်ဘက်ခ်တို့ကို တိုက်ခိုက်ပြီးနောက် တစ်ရက်အကြာမှာ တီဟီရန်မြို့အပေါ် အစ္စရေးရဲ့ တိုက်ခိုက်မှုတွေ ပြန်လည်စတင်လာပြန်တာဖြစ်ပါတယ်။
တစ်ချိန်တည်းမှာပဲ အီရန်ကလည်း အစ္စရေးနဲ့ ပင်လယ်ကွေ့ အိမ်နီးချင်းနိုင်ငံတွေကို တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဆော်ဒီအာရေဗျက အမေရိကန်စစ်ဘက်ဝန်ထမ်းတွေ အခြေစိုက်တဲ့ ရီယာ့ဒ်မြို့အနီးရှိ ပရင့်စ်ဆူလ်တန်လေတပ်စခန်းကို ဦးတည် ပစ်ခတ်ခဲ့တဲ့ အီရန်ပဲ့ထိန်းဒုံးကျည်တစ်စင်းကို ကြားဖြတ်ပစ်ချနိုင်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။
ခုလိုစစ်ပွဲအရှိန်မြင့်လာနေခိုက်မှာပဲ အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ နိုင်ငံရေး-စစ်ရေးရေးရာဗျူရိုက အစ္စရေးကို ဒေါ်လာ ၁၅၁ ဒသမ ၈ သန်း (ယူရို ၁၃၀ ဒသမ ၅၅ သန်း) လက်နက်ရောင်းချမှုကို အတည်ပြုတယ်လို့ကြေညာခဲ့ပါတယ်။
အစ္စရေးအစိုးရက BLU-110A/B ပေါင် ၁,၀၀၀ ဗုံးကိုယ်ထည် (၁၂,၀၀၀) ဝယ်ယူဖို့ တောင်းဆိုထားတယ်လို့ ဗျူရိုက ကြေညာချက်တစ်စောင်မှာ ပြောကြားခဲ့ပါတယ်။
Ref- CNA, DW News
