၇. ၃. ၂၀၂၆
Written by Nyein Kyaw
အရှေ့အလယ်ပိုင်းဒေသတွင်းနှင့် ယူအေအီးနိုင်ငံရှိ မြန်မာနိုင်ငံသားများ မိမိနိုင်ငံသို့ ပြန်လည်ထွက်ခွာလိုပါက လေယာဉ်လက်မှတ် အရောင်းကိုယ်စားလှယ်များနှင့် တိုက်ရိုက်ဆက်သွယ်နိုင်ကြောင်းနှင့် အခက်အခဲများရှိပါက မြန်မာသံရုံးသို့ ဆက်သွယ်အကူအညီတောင်းခံနိုင်ကြောင်း အဘူဒါဘီမြို့ရှိ မြန်မာသံရုံးက အသိပေးကြေညာထားသည်။
အရှေ့အလယ်ပိုင်းဒေသတွင်း လတ်တလော ဖြစ်ပွားလျက်ရှိသည့် အခြေအနေများကြောင့် ယူအေအီးနိုင်ငံ၌ရောက်ရှိနေသော မြန်မာနိုင်ငံသားများအနေဖြင့် မိမိနိုင်ငံသို့ ပြန်လည်ထွက်ခွာနိုင်ရေးနှင့်စပ်လျဉ်း၍ အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်းလိုင်း (Myanmar Airways International – MAI) မှ ယူအေအီးနိုင်ငံ မြို့ပြလေကြောင်း အာဏာပိုင်နှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ခဲ့မှုအရ ရန်ကုန်-ဒူဘိုင်း-ရန်ကုန် ခရီးစဉ်ကို မတ်လ ၆ ရက်မှ စတင်ပြေးဆွဲခဲ့သည်။
MAI လေကြောင်းလိုင်းအနေဖြင့် လာမည့် မတ်လ ၈ ရက် (တနင်္ဂနွေနေ့)၊ မတ်လ ၁၁ (ဗုဒ္ဓဟူးနေ့) နှင့် မတ်လ ၁၃ ရက် (သောကြာနေ့) များ၌ ပျံသန်းပြေးဆွဲရန်ရှိပြီး အလားတူ အခြားလေကြောင်းလိုင်းများလည်း ပုံမှန်အတိုင်း ပြန်လည်ပြေးဆွဲနိုင်ရေး စီစဉ်ဆောင်ရွက်နေကြောင်း သိရှိရကြောင်း ဖော်ပြထားသည်။
သို့ဖြစ်ပါ၍ ဒေသတွင်းနှင့် ယူအေအီးနိုင်ငံရှိ မြန်မာနိုင်ငံသားများအနေဖြင့် မိမိနိုင်ငံသို့ အကြောင်းအမျိုးမျိုးဖြင့် ပြန်လည်ထွက်ခွာလိုပါက သက်ဆိုင်ရာ လေကြောင်းလိုင်းမှ လေယာဉ်လက်မှတ် အရောင်းကိုယ်စားလှယ်များနှင့် တိုက်ရိုက်ဆက်သွယ်နိုင်ကြောင်းနှင့် အခက်အခဲများရှိပါက မြန်မာသံရုံးသို့ ဆက်သွယ်အကူအညီတောင်းခံနိုင်ပါကြောင်း အသိပေးထားသည်။
