၇.၃.၂၀၂၆
Photo by Linn Eain
စက်သုံးဆီခြိုးခြံချွေတာရေးနှင့် ဖူလုံမှုရှိစေရေးအတွက် ပုဂ္ဂလိကပိုင်ယာဉ်များ စုံ/မ ရက်ဖြင့်သာ တစ်ရက်ခြားမောင်းနှင်ရမည့် စတင်သည့် ယနေ့ မတ် ၇ ရက်၊ နံနက်ပိုင်း ရန်ကုန်မြို့တွင်း မြင်ကွင်းများကို ဖော်ပြအပ်ပါသည်။
စည်းကမ်းသတ်မှတ်ချက်များမှာ လစဉ် “စုံ” ရက်များတွင် စုံနံပါတ်အက္ခရာပါသောယာဉ်များ (ဥပမာ- 2A/—- 4A/—စသည်ဖြင့်)၊ “မ” ရက်များတွင် မနံပါတ်အက္ခရာပါသော ယာဉ်များ (ဥပမာ-1A/—-3A/—- စသည်ဖြင့်) စသည့် ပုဂ္ဂလိကပိုင်ယာဉ်များသာ မောင်းနှင်အသုံးပြုရန်ဖြစ်သည်။ (EV မော်တော်ယာဉ်/EV မော်တော်ဆိုင်ကယ်များ နေ့စဉ်မောင်းနှင်နိုင်သည်။)


သို့သော် နေ့စဉ်အများပြည်သူသယ်ယူပို့ဆောင်ရေး မော်တော်ယာဉ်များ၊ အငှားယာဉ်များ (Taxi)၊ စက်သုံးဆီသယ်ယူပို့ဆောင်သည့်ယာဉ်များ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးယာဉ်များ၊ ကုန်စည်ပို့ဆောင်ရေးယာဉ်များ၊ လူနာတင်ယာဉ်/နိဗ္ဗာန်ယာဉ်များနှင့် စည်ပင်အမှိုက်သိမ်းယာဉ်များ အသုံးပြုနိုင်ကြောင်း အသိပေးထားသည်။
ဆက်လက်၍ မတ် ၄ ရက်တွင် ဖြည့်စွက်ထုတ်ပြန်ချက်အနေဖြင့် စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများအတွက် ဝန်ထမ်းကြိုပို့ယာဉ်များ၊ ကုန်စည်ဖြန့်ဖြူးရေးတွင်အသုံးပြုသည့်ယာဉ်များ၊ စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများအတွက်ရုံးလုပ်ငန်းအသုံးပြုသည့်ယာဉ်များ၊ ကျောင်းကြို/ပို့ယာဉ်များကိုလည်း နေ့စဉ်အသုံးပြုနိုင်ကြောင်း ထုတ်ပြန်ထားသည်။
အဆိုပါ နေ့စဉ်အသုံးပြုသည့် မော်တော်ယာဉ်များအနေဖြင့် အကြောင်းကိစ္စများအတွက် သုံးစွဲသည်မှာ မှန်ကန်ကြောင်း ယာဉ်ပေါ်တွင် စီးနင်းလိုက်ပါသူများတွင် လည်းကောင်း၊ ယာဉ်များတွင်လည်းကောင်း သက်ဆိုင်ရာ အလုပ်ဌာနများ၏ ခိုင်လုံသည့်အထောက်အထား သို့မဟုတ် ထောက်ခံချက်များ ပါရှိရမည်ဖြစ်ကြောင်း သိရသည်။
