သက်တံ့
၇. ၃. ၂၀၂၆
အရှေ့အလယ်ပိုင်းဒေသတွင် တင်းမာမှုများ မြင့်တက်လာခြင်းကြောင့် ထိုင်းနိုင်ငံအတွင်း စက်သုံးဆီ ပြတ်လပ်မှုများ မဖြစ်ပေါ်စေရန်အတွက် စက်သုံးဆီ အမျိုးအစားအချို့နှင့် အိမ်သုံးဂက်စ် (LPG) ပြည်ပသို့ တင်ပို့ခြင်းကို ယာယီပိတ်ပင်ရန် ဝန်ကြီးချုပ် အနုတင် ချာန်ဗီရာကူးလ် (Anutin Charnvirakul) က အမိန့်ထုတ်ပြန်လိုက်သည်။
၂၀၂၆ ခုနှစ်၊ မတ်လ ၆ ရက်နေ့စွဲဖြင့် ထိုင်းအစိုးရပြန်တမ်း (Royal Thai Government Gazette) တွင် ဖော်ပြထားသည့် ဝန်ကြီးချုပ်အမိန့်အမှတ် ၂/၂၀၂၆ အရ ဤကန့်သတ်ချက်သည် ချက်ချင်း အာဏာသက်ရောက်မည်ဖြစ်သည်။
ယင်းအစီအစဉ်အရ ဓာတ်ဆီ၊ ဂက်စ်ဆိုဟော (Gasohol)၊ အဆင့်မြင့် ဒီဇယ်ဆီ (High-speed Diesel)၊ ဂျက်လေယာဉ်သုံးဆီ (Jet A1) နှင့် အိမ်သုံးဂတ်စ် (LPG) တို့ကို နောက်ထပ် အကြောင်းကြားစာ မထုတ်ပြန်မချင်း ပြည်ပသို့ တင်ပို့ရောင်းချမှုကို ရပ်ဆိုင်းထားမည်ဖြစ်သည်။
အမေရိကန်၊ အစ္စရေးနှင့် အီရန်တို့ကြား ပဋိပက္ခများ ပိုမိုပြင်းထန်လာခြင်း၊ အရှေ့အလယ်ပိုင်းရှိ မဟာဗျူဟာမြောက် နေရာများတွင် လေကြောင်းတိုက်ခိုက်မှုများ ရှိလာခြင်းနှင့် ကမ္ဘာ့ရေနံသယ်ယူပို့ဆောင်ရေးတွင် အဓိကကျသော ပါရှန်ပင်လယ်ကွေ့နှင့် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တို့တွင် သင်္ဘောသွားလာမှု ကန့်သတ်ချက်များ ရှိလာခြင်းတို့ကြောင့် ယခုကဲ့သို့ ဆုံးဖြတ်ရခြင်းဖြစ်ကြောင်း အစိုးရက ပြောကြားသည်။
လက်ရှိအခြေအနေများသည် ထိုင်းနိုင်ငံ၏ စက်သုံးဆီ ထောက်ပံ့မှုကွင်းဆက်ကို အဟန့်အတား ဖြစ်စေနိုင်ပြီး အခြေအနေကို ခန့်မှန်းရခက်ကြောင်း အာဏာပိုင်များက သတိပေးထားသည်။
ထုတ်ပြန်ထားသည့် အမိန့်အရ ကင်းလွတ်ခွင့်များတွင် လာအိုနှင့် မြန်မာနိုင်ငံသို့ တင်ပို့သည့် စက်သုံးဆီများ၊ ပြန်လည်တင်ပို့ရန် (Re-export) တင်သွင်းလာပြီး အကောက်ခွန်ဂိုဒေါင် သို့မဟုတ် လွတ်လပ်သောဇုန် (Free zones) များတွင် သိမ်းဆည်းထားသည့် စက်သုံးဆီများနှင့် ထိုင်းနိုင်ငံ၏ အရည်အသွေးစံနှုန်း မမီသဖြင့် ပြည်တွင်း၌ ရောင်းချ၍မရသော စက်သုံးဆီများ ပါဝင်သည်။
ဤညွှန်ကြားချက်ကို နိုင်ငံအတွင်း စက်သုံးဆီပြတ်လပ်မှုကို ကာကွယ်ရန် သို့မဟုတ် ဖြေရှင်းရန် ရည်ရွယ်၍ ၁၉၇၃ ခုနှစ် စက်သုံးဆီပြတ်လပ်မှု ကာကွယ်ရေးအက်ဥပဒေ (Fuel Shortage Prevention Act of 1973) အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်များဖြင့် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
Ref: Khaosod
