◾️ အစိုးရအသစ် လုပ်ငန်းများအရှိန်အဟုန်မပြတ် ဆက်လက်ဆောင်ရွက်နိုင်ရေး ကဏ္ဍအလိုက် ဦးစားပေးအသုံးစရိတ်များကို လျာထားသတ်မှတ်ပေးခဲ့ကြရမည်ဟုပါ မှာကြား
◾️ လာမည့်ဘဏ္ဍာနှစ်တွင် နိုင်ငံ့ GDP ကို ကျပ် ၁၉၅,၀၃၂ ဘီလျံနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်း ၃ ဒသမ ၄ ရာခိုင်နှုန်း ရရှိရန်မျှော်မှန်းထား
၆. ၃. ၂၀၂၆
Written by Nyein Kyaw
လွှတ်တော်အစည်းအဝေးများမှ ရွေးချယ်တာဝန်ပေးလာသည့်အစိုးရကို နိုင်ငံတော်တာဝန် လွှဲပြောင်းပေးသွားမည်ဖြစ်ပြီး မိမိတို့အစိုးရအနေဖြင့် ကောင်းမွန်သည့် ဆောင်ရွက်ချက်နှင့် အောင်မြင်မှုများကို မျိုးစေ့ချပေးခဲ့ပြီးဖြစ်ကြောင်း နိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့ ကျင်းပသည့် ဘဏ္ဍာရေးဆိုင်ရာကော်မရှင် အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၆) တွင် ပြောကြားသည်။
အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအနေဖြင့် ဦးတည်ချက် (၄) ရပ်နှင့်အညီ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်မှစ၍ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း၊ ရွေးကောက်ပွဲများအပြီး လွှတ်တော်အစည်းအဝေးများမှ ရွေးချယ်တာဝန်ပေးလာသည့်အစိုးရကို နိုင်ငံတော်တာဝန် လွှဲပြောင်းပေးသွားမည်ဖြစ်ကြောင်း ယာယီသမ္မတက ပြောကြားသည်။
မိမိတို့အစိုးရအနေဖြင့် ကောင်းမွန်သည့် ဆောင်ရွက်ချက်များနှင့် အောင်မြင်မှုများကို မျိုးစေ့ချပေးခဲ့ပြီးဖြစ်သည့်အတွက် ဆက်လက်တာဝန်ယူသွားမည့် အစိုးရအနေဖြင့်လည်း လုပ်ငန်းများအရှိန်အဟုန်မပြတ် ဆက်လက်ဆောင်ရွက်နိုင်ရေး ကဏ္ဍအလိုက် ဦးစားပေး အသုံးစရိတ်များကို လျာထားသတ်မှတ်ပေးခဲ့ကြရမည်ဖြစ်ကြောင်း ယာယီသမ္မတက ပြောကြားသည်။
ထို့ကြောင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် အရအသုံးခန့်မှန်းခြေ ငွေစာရင်းတွင် နိုင်ငံတော်၏ မူဝါဒ၊ ရည်မှန်းချက်၊ လုပ်ငန်းစဉ်များနှင့်အညီ အမှန်တကယ် ဆောင်ရွက်ရန်လိုအပ်သည့် လုပ်ငန်းများအတွက် ဘဏ္ဍာရေးနှစ်အတွင်း ပြီးစီးနိုင်မည့်ပမာဏကိုသာ သေချာစွာစိစစ်တွက်ချက်ပြီး လျာထားကြရန်အရေးကြီးကြောင်း ယာယီသမ္မတက ပြောကြားသည်။
လာမည့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် တစ်မျိုးသားလုံး၏ ပြည်တွင်း အသားတင်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး (GDP) ကို ကျပ် ၁၉၅,၀၃၂ ဘီလျံရရှိရန် မျှော်မှန်းထားပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်းကိုလည်း ၃ ဒသမ ၄ ရာခိုင်နှုန်း ရရှိရန်မျှော်မှန်းထားကြောင်း ယာယီသမ္မတက ပြောကြားသည်။
