◾️ လက်ရှိကမ္ဘာ့နိုင်ငံရေးအခင်းအကျင်းများကြောင့် စက်သုံးဆီရှားပါးမှု ဖြစ်ပေါ်လာနိုင်မည့် အခြေအနေတွင် လျှပ်စစ်ကားနှင့်ရထားများ၏ အခန်းကဏ္ဍများစွာတိုးတက်လာမည်
၆. ၃. ၂၀၂၆
Written by Nyein Kyaw
ယခင်ဆောင်ရွက်ခဲ့သည့် ရေအားလျှပ်စစ်စီမံကိန်းများ အကြောင်းအမျိုးမျိုးကြောင့် ဆက်လက်မဆောင်ရွက်နိုင်၍ လက်ရှိတွင် လျှပ်စစ်ဓာတ်အား ဖူလုံစွာသုံးစွဲနိုင်ခြင်းမရှိခြင်းကြောင့် ရေအားလျှပ်စစ်နှင့် ဆိုလာလျှပ်စစ်စီမံကိန်းများ အောင်မြင်အောင် ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း နိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့ ကျင်းပသည့် အမျိုးသားစီမံကိန်းကော်မရှင် (၁/၂၀၂၆) အစည်းအဝေးတွင် ပြောကြားသည်။
လျှပ်စစ်ဓာတ်အားဖူလုံရေးနှင့် ပတ်သက်၍လည်း ရေအားလျှပ်စစ်စီမံကိန်းများ၊ ဆိုလာလျှပ်စစ်စီမံကိန်းများကို အောင်မြင်အောင် ဆက်လက်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ယခင်က ချမှတ်ဆောင်ရွက်ခဲ့သည့် ရေအားလျှပ်စစ်စီမံကိန်းများ အကြောင်းအမျိုးမျိုးကြောင့် ဆက်လက်ဆောင်ရွက်နိုင်မှု မရှိခဲ့ခြင်းကြောင့် လက်ရှိအချိန်တွင် လျှပ်စစ်ဓာတ်အား ဖူလုံစွာသုံးစွဲနိုင်မှု မရှိခြင်းဖြစ်ကြောင်း၊ လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍ ဖူလုံမှုရှိစေရေးအတွက်လည်း အမျိုးသားစီမံကိန်းကော်မရှင်အနေဖြင့် ထည့်သွင်းစဉ်းစား ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ယာယီသမ္မတက ပြောကြားသည်။
မိမိတို့အနေဖြင့် စတင်တာဝန်ယူပြီးကာလနောက်ပိုင်းတွင် သယ်ယူပို့ဆောင်ရေးနှင့် ပတ်သက်၍ စက်သုံးဆီကားများ၊ ရထားများအစား၊ လျှပ်စစ်ကားများနှင့် လျှပ်စစ်ရထားများ ပြေးဆွဲနိုင်ရေး အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း၊ လက်ရှိအချိန်တွင် EV ကားများ အသုံးပြုနေကြပြီဖြစ်သကဲ့သို့ လျှပ်စစ်စွမ်းအင်သုံး ရထားစက်ခေါင်းများ အသုံးပြု၍လည်း ရထားခရီးစဉ်များ ပြေးဆွဲပေးနိုင်နေပြီဖြစ်ကြောင်း ယာယီသမ္မတက ပြောကြားသည်။
လက်ရှိအချိန်တွင် ကမ္ဘာ့နိုင်ငံရေးအခင်းအကျင်းများကြောင့် ဖြစ်ပေါ်လာသည့် စက်သုံးဆီရှားပါးမှု ဖြစ်ပေါ်လာနိုင်မည့်အခြေအနေတွင် လျှပ်စစ်ကားနှင့် ရထားများ၏အခန်းကဏ္ဍသည် များစွာတိုးတက်လာစေမည်ဖြစ်ကြောင်း ယာယီသမ္မတက ပြောကြားသည်။
အမျိုးသားစီမံကိန်းကော်မရှင်အနေဖြင့်လည်း နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ရေတို၊ ရေရှည် စီမံကိန်းများချမှတ်ရာတွင် ဖြစ်ပေါ်လာနိုင်မည့် အခြေအနေများကို နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး၊ ကာကွယ်ရေးတို့နှင့် ချိန်ထိုးသုံးသပ်စဉ်းစားတွက်ချက်၍ အမြင်ကျယ်ကျယ်ဖြင့် ရေးဆွဲချမှတ် သွားကြရန် ယာယီသမ္မတက ပြောကြားသည်။
