
၆.၃.၂၀၂၆.
Translated by Htwe Ko Tun
ယမန်နေ့ မတ်လ ၄ ရက် နံနက်က သီရိလင်္ကာတောင်ပိုင်းကမ်းရိုးတန်းတွင် အမေရိကန် ရေငုပ်သင်္ဘောတစ်စီးက တော်ပီဒိုဖြင့် ပစ်ခတ်ခံရပြီး နစ်မြုပ်ခဲ့ရသည့် အီရန်စစ်သင်္ဘော IRIS Dena မှ ပျောက်ဆုံးနေသော ရေတပ်သားများကိုကယ်ဆယ်ရေးသမားများက ဆက်လက်ရှာဖွေနေချိန်တွင် နောက်တစ်ရက်ဖြစ်သော မတ်လ ၅ ရက်၌ သီရိလင်္ကာရေတပ်သည် အီရန်ရေတပ်မှ ဒုတိယမြောက် သင်္ဘောတစ်စီးကိုထိန်းချုပ်မှု ပြုပေးခဲ့ပြီး သင်္ဘောသားများကို သင်္ဘောပေါ်မှထွက်ခွာခွင့်ပေးခဲ့ကြောင်း သမ္မတ အနျူရာ ကူမာရာ ဒစ်ဆာနာယာက ပြောကြားခဲ့သည်။
သမ္မတက ထိုဖြစ်ရပ်နှင့်ပတ်သက်၍ နိုင်ငံအား ရုပ်မြင်သံကြားမှ မိန့်ခွန်းပြောကြားရာ၌ အီရန်ရေတပ် သင်္ဘော IRIS Bushehr အင်ဂျင်ပြဿနာကြောင့် ဆိပ်ကမ်းသို့ဝင်ရောက်ရပ်နားခွင့်တောင်းခံလာခဲ့ခြင်း ဖြစ်ပြီး သင်္ဘောပေါ်မှ ရေတပ်သား ၂၀၈ ဦးကိုလည်း သင်္ဘောမှ ထွက်ခွာခွင့်ပြုခဲ့ကြောင်း ပြောကြားခဲ့သည်။
ရေတပ်သား အနည်းဆုံး ၈၇ ဦး သေဆုံးခဲ့သော မတ်လ ၄ ရက်က အီရန်စစ်သင်္ဘော IRIS Dena နစ်မြုပ်မှုက အမေရိကန်နှင့် အစ္စရေးတို့အနေဖြင့် အီရန်အပေါ် ၎င်းတို့၏စစ်ပွဲကို စတင်ခဲ့ပြီးနောက်ပိုင်း အရှေ့အလယ်ပိုင်းဒေသပြင်ပတွင် အမေရိကန်၏ ပထမဆုံးစစ်ရေးတိုက်ခိုက်မှုဖြစ်ပြီး ပဋိပက္ခ၏ အတိုင်းအတာကို သိသိသာသာ ကျယ်ပြန့်စေခဲ့သည်။
“ကျွန်တော်တို့က ဒီပဋိပက္ခမှာ ဘက်မလိုက်ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ ကြားနေမှုကို ထိန်းသိမ်းထားစဉ်မှာ လူ့အသက်တွေကို ကယ်တင်ဖို့ လုပ်ဆောင်ရမှာပါ။ ဒီလို စစ်ပွဲမှာ ဘယ်သူမှမ သေဆုံးသင့်ပါဘူး။ အသက်တိုင်းဟာ တန်းတူတန်ဖိုးရှိပါတယ်” ဟု သမ္မတ ဒစ်ဆာနာယာက ပြောကြားခဲ့သည်။
သမ္မတက နစ်မြုပ်နေသော Dena သင်္ဘောကဲ့သို့ပင် Bushehr သင်္ဘောသည် မကြာသေးမီက အိန္ဒိယအရှေ့ပိုင်းတွင် နိုင်ငံစုံရေတပ်လေ့ကျင့်ခန်းတွင် ပါဝင်ခဲ့ကြောင်း ပြောကြားခဲ့သည်။
တစ်ချိန်တည်းမှာပင် အီရန်နိုင်ငံခြားရေးဝန်ကြီး အက်ဘားစ် အာရတ်ဖ်ချီ က တိုက်ခိုက်မှုကို ရှုတ်ချခဲ့ပြီး အမေရိကန်အစိုးရအနေဖြင့် ၎င်း၏လုပ်ရပ်များကို အလွန်နောင်တရ လိမ့်မည်ဟု သတိပေးခဲ့သည်။
အာရတ်ဖ်ချီ က”အမေရိကန်သည် အီရန်ကမ်းရိုးတန်းမှ မိုင် ၂,၀၀၀ အကွာရှိ ပင်လယ်ပြင်တွင် ရက်စက်ကြမ်းကြုတ်သောလုပ်ရပ်ကို ကျူးလွန်ခဲ့သည်” ဟု X လူမှုကွန်ရက်တွင် တင်ခဲ့သည်။
ထိုတိုက်ခိုက်မှုကြောင့် အီရန်သင်္ဘောနှစ်စင်းစလုံးသည် ရက်သတ္တပတ်အနည်းငယ်က ဂုဏ်ပြုဧည့်သည်တော်များအဖြစ် ရောက်ရှိလာခဲ့သည့် အိန္ဒိယတွင် ဒေါသထွက်မှုများ ဖြစ်ပေါ်စေခဲ့သည်။ Dena နှင့် Bushehr တို့သည် သီရိလင်္ကာ၊ သြစတြေးလျ၊ ဂျပန်၊ ရုရှားနှင့် နိုင်ငံပေါင်း ၇၀ ကျော်မှ ကိုယ်စားလှယ်များနှင့်အတူ ဖေဖော်ဝါရီ ၁၈ ရက်မှ ၂၅ ရက်အထိ အိန္ဒိယမှ လက်ခံကျင်းပသော နှစ်နှစ်တစ်ကြိမ် လေ့ကျင့်ခန်းတစ်ခုဖြစ်သည့် MILAN တွင် ပါဝင်ခဲ့သည်။
အမေရိကန်နှင့် အီရန်အကြား ဂရုတစိုက်သံတမန်ရေးဟန်ချက်ညီမှုကို ထိန်းသိမ်းရန် ရိုးရာအစဉ်အလာအရ ကြိုးပမ်းခဲ့သော အိန္ဒိယအစိုးရသည် တိုက်ခိုက်မှုအပေါ် တိတ်ဆိတ်နေခဲ့ပြီး အိန္ဒိယ၏ ရေကြောင်းရပ်ကွက်နှင့် အလွန်နီးကပ်စွာ နစ်မြုပ်မှုသည် တရားဝင်တုံ့ပြန်မှုတစ်ခု လိုအပ်ကြောင်း ပြောကြားခဲ့သော အတိုက်အခံခေါင်းဆောင်များထံမှ ပြင်းထန်သောဝေဖန်မှုများကို ဖြစ်ပေါ်စေခဲ့သည်။ အတိုက်အခံ အိန္ဒိယအမျိုးသားကွန်ဂရက်ပါတီက ဝန်ကြီးချုပ် နာရန်ဒရာမိုဒီ၏ အစိုးရထံမှ တိတ်ဆိတ်မှုကို ရှုတ်ချခဲ့သည်။
“အီရန်စစ်သင်္ဘောတစ်စင်း အိန္ဒိယသမုဒ္ဒရာတွင် နစ်မြုပ်သွားခြင်းနှင့်အတူ ပဋိပက္ခသည် ကျွန်ုပ်တို့၏ နောက်ဖေးခြံသို့ ရောက်ရှိနေပါပြီ။ သို့သော် ဝန်ကြီးချုပ်က ဘာမှမပြောခဲ့ပါ” ဟု အတိုက်အခံခေါင်းဆောင် ရာဟူးလ်ဂန္ဒီက X တွင် ပို့စ်တစ်ခု ရေးသားခဲ့သည်။
Ref : Dawn
