၁၀.၂.၂၀၂၆
Written by Thiri
နေပြည်တော်ကောင်စီနယ်မြေရှိ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးရဲ့ (၁၈)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကြီးကို လာမယ့် ဖေဖော်ဝါရီလ ၂၄ ရက်နေ့ကနေ မတ်လ ၂ ရက်နေ့အထိ စေတီတော်မြတ်ကြီးရဲ့ ပွဲတော်ကွင်းအတွင်းမှာ ကျင်းပသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါပွဲတော်ကို ခုနစ်ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာကျင်းပသွားမှာဖြစ်ပြီး ဖေဖော်ဝါရီလ၂၄ ရက်ကနေ ၂၆ ရက်အထိ ပွဲဦးသစ်ဇာတ်သဘင်ဖျော်ဖြေမှု၊ ဖေဖော်ဝါရီလ ၂၇ ရက်မှ ၂၈ ရက်အထိ တေးပဒေသာ ဂီတဖျော်ဖြေမှု၊ မတ်လ ၁ ရက်မှ ၂ ရက်အထိ ရွှေပြည့်လျှံ ဇာတ်သဘင်ဖျော်ဖြေမှုတွေ ပါဝင်မှာဖြစ်တဲ့အပြင် ရဟတ်၊ ပျော့ပျော့အိအိကလေးကစားကွင်းတွေနဲ့ ဈေးဆိုင်ခန်းတွေလည်း စုံလင်စွာ ထည့်သွင်းကျင်းပသွားမှာဖြစ်ကြောင်း ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးစေတီတော် ဂေါပကအဖွဲ့ထံကနေ သိရပါတယ်။
မိုးလေကင်းလွတ်တဲ့ ပွင့်လင်းရာသီကာလကို ရောက်ရှိနေပြီဖြစ်ရာ ပွဲလမ်းသဘင်တွေလည်း စည်ကားများပြားလာနေပြီး အနယ်နယ်အရပ်ရပ်ကနေ ဘုရားဖူးလာ မိဘပြည်သူတွေအပါအဝင် ပွဲတော်တွေကို လာရောက်ဆင်နွှဲကြတဲ့ လူငယ်လူရွယ်တွေအနေနဲ့ ယာဉ်အန္တရာယ် အထူးသတိပြုကြဖို့ကိုလည်း စေတီတော်ကြီး ပွဲတော်ဖြစ်မြောက်ရေးကော်မတီဝင်တစ်ဦးက ဆိုပါတယ်။
နှစ်စဉ်ကျင်းပရာမှာ ပွဲတော်ဝင်းအတွင်း ခိုက်ရန်ဖြစ်ပွားမှုမဖြစ်စေရေး လုံခြုံရေးဆောင်ရွက်မှုတွေအပြင် ကျန်းမာရေး ချို့ယွင်းမှုတွေဖြစ်ပေါ်လာပါက ကြက်ခြေနီသူနာပြုတပ်ဖွဲ့တွေနဲ့တကွ စောင့်ရှောက်ပေးနိုင်ရေး ဆောင်ရွက်ထားရှိတယ်လို့ သိရပါတယ်။
အဆိုပါကော်မတီဝင်က “ဘုရားပွဲက စည်တာတော့ အတော်စည်တယ်။ ကျွန်တော်တို့ ပွဲတော်ဝင်းမှာ စနစ်တကျဆောင်ရွက်ထားရှိပေမယ့် လမ်းပေါ်မှာ ဆိုင်ကယ် မတော်တဆ ဖြစ်တာ၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်း မလိုက်နာတာ၊ မသိတာ ဒီလိုပုံနဲ့ မတော်တဆမှုတွေကတော့ ပွဲတော်ကာလ ရှိပါတယ်။ ဒါလေးတွေ သတိပြုနိုင်အောင် ကြိုတင်ပြောပြ အသိ သတိလေးပေါ့ ပေးချင်ပါတယ်” လို့ MT N News က ဆက်သွယ်မေးမြန်းတာကို ပြန်လည်ဖြေကြားပါတယ်။
