သတိုး
၁၀. ၂. ၂၀၂၆
အမေရိကန်ပြည်ထောင်စုတွင် ဗုဒ္ဓဘာသာဘုန်းတော်ကြီးများက ငြိမ်းချမ်းရေးအတွက် ရည်ရွယ်လုပ်ဆောင်သည့် Walk For Peace လမ်းလျှောက်ခရီးစဉ်အပေါ် အားရကျေနပ်သည်ဟု ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး ဒေါက်တာ နန္ဒမာလာဘိဝံသက မိန့်ကြားခဲ့ကြောင်း လမ်းလျှောက်ခရီးစဉ်တွင် ပါဝင်နေသည့် မြန်မာနိုင်ငံသားသံဃာတော် ရွှေဘုန်းပွင့်ဆရာတော် အရှင်သီလာနန္ဒက လူမှုကွန်ရက်တွင် ရေးသားထားသည်။
စင်ကာပူနိုင်ငံတွင် လက်ရှိ ခါးရိုးခွဲစိတ်ကုသမှု ခံယူနေရသည့် ပါမောက္ခချုပ်ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသက လမ်းလျှောက်ခရီးစဉ် ဦးဆောင်နေသော ဗီယက်နမ်နိုင်ငံသား ဆရာတော် အရှင်ပညာကာရနှင့် အွန်လိုင်းမှတစ်ဆင့် တွေ့ဆုံဆွေးနွေးစဥ် ထိုသို့ မိန့်ကြားခဲ့ခြင်းလည်းဖြစ်သည်။


“ဒီနေ့တော့ စိတ်အားတက်စရာ အခိုက်အတန့်လေးတစ်ခုအကြောင်း ပြောပြမလို့ပါ။ မနေ့ညက ကျွန်ုပ်နှင့် အရှင်ပညာကာရတို့ အိပ်စက်အနားယူမည့် အခန်းဆီသို့ ရွှေသင်းဆရာတော်နှင့် ပါမောက္ခချုပ်ဆရာတော်ကြီး ဒေါက်တာနန္ဒမာလာဘိဝံသ၏ တပည့်ဖြစ်သူ အရှင်ဇဝနတို့ အလည်အပတ် ရောက်လာခဲ့ကြသည်။ အရှင်ဇဝနမှ အရှင်ပညာကာရအား ပါချုပ်ဆရာတော်ကြီးလည်း အရှင်ဘုရားတို့ ခရီးစဉ် ဗီဒီယိုရုပ်သံတွေ ကြည့်ပြီး အားပေးနေတယ်လို့ လျှောက်ထားပြီး ဆရာတော်ကြီးဆီ ဖုန်းခေါ်ကာ အရှင်ပညာကာရနှင့် ပါချုပ်ဆရာတော်ကြီးတို့ ဗီဒီယိုကောဖြင့် စကားပြောဆိုကြပါတယ်။ မာကြောင်းသာကြောင်း အပြန်လှန်မေးကြပြီး ဆရာတော်ကြီးမှ အရှင်ပညာကာရကို ဒီခရီးစဉ်က အလွန်မှန်ကန်တဲ့ လုပ်ရပ်ဖြစ်ပြီး လူတွေလိုအပ်နေတဲ့ ငြိမ်းချမ်းရေးဆိုတာ စိတ်ကနေစပြီးပြောင်းလဲဖို့ လိုအပ်ကြောင်း လက်တွေ့ကျကျလုပ်မှ ငြိမ်းချမ်းခြင်းကို ရနိုင်မှာဖြစ်ကြောင်း ဆရာတော်ကြီး ကိုယ်တိုင်ကလည်း အခုလို Walk For Peace လမ်းလျှောက်ခရီးစဉ် လုပ်ရပ်အတွက် အလွန်အားရပါကြောင်း မိန့်ပါတယ်”ဟု အရှင်သီလာနန္ဒက ဆိုသည်။
ထို့နောက် ပါမောက္ခချုပ်ဆရာတော်ကြီးအား အရှင်ပညာကာရက ယခု Walk For Peace လုပ်ဆောင်ချက်ကြောင့် ဗုဒ္ဓဘာသာကို ပိုပြီး ကမ္ဘာ့ပြည်သူများ ဂရုစိုက်မိလာတာကို ကျေနပ်မိပါကြောင်းနှင့် ဆရာတော်ကြီးဆီကို မကြာသောအချိန်မှာ ထပ်မံလာရောက် တွေ့ဆုံပါမည့်အကြောင်းကို လျှောက်ထားခဲ့သည်။ ထို့အတူ ရွှေဘုန်းပွင့်ဆရာတော်ကိုလည်း ပါမောက္ခချုပ်ဆရာတော်ကြီးက “လွန်ခဲ့တဲ့ အနှစ် (၂၀) က ဂျာမန်ဘုန်းကြီးတစ်ပါးနှင့် သင်တန်းပို့ချရင်း စကားပြောမိကြတော့ တစ်ချိန်ကြရင် ဗုဒ္ဓဘာသာကို အနောက်တိုင်းသားတွေက ပိုပြီးစိတ်ဝင်စားလာမှာကို သူတွေးမိကြောင်း ပြောဆိုမိခဲ့ကြပုံ အခုအဲဒီအချိန်ကိုများ ရောက်လာနေပြီလား”ဟု သူတွေးနေမိခဲ့ပုံကို မိန့်ကြားခဲ့သည်ဟု ရွှေဘုန်းပွင့်ဆရာတော်က ရေးသားထားသည်။


ဗုဒ္ဓဘာသာဝင် သူတော်စင်အရှင်သူမြတ်တို့၏ ငြိမ်းချမ်းရေးအတွက် လမ်းလျှောက်ခရီးစဉ်အား အမေရိကန်နိုင်ငံ၊ တက္ကဆက်ပြည်နယ် Fort Worth မြို့မှ ၂၀၂၅ ခုနှစ် အောက်တိုဘာ ၂၆ ရက်က စတင်ခဲ့ခြင်းဖြစ်ပြီး မိုင်ပေါင်း၂၃၀၀ ကျော်အား ခြေလျင်လမ်းလျှောက်ကာ ယနေ့ ဖေဖော်ဝါရီ ၁၀ ရက်တွင် ဝါရှင်တန်ဒီစီမြို့သို့ ရောက်ရှိ ခရီးစဉ်ပြီးဆုံးမည်ဖြစ်သည်။ ထို့နောက် ဖေဖော်ဝါရီလ ၁၁ ရက် (ဗုဒ္ဓဟူးနေ့) တွင် Lincoln Memorial ရှေ့ ခရီးစဉ်အဆုံးသတ် ဂုဏ်ပြုအခမ်းအနား (Concluding Ceremony) ကို ကျင်းပကာ ဖေဖော်ဝါရီ ၁၄ ရက်တွင် မူလစတင်ရာ Fort Worth မြို့သို့ ဘတ်စ်ကားဖြင့် ပြန်လည်ကြွချီကြမည်ဖြစ်သည်။
Walk for Peace ၏အဓိက ရည်ရွယ်ချက်သည် ကမ္ဘာပေါ်တွင် ဖြစ်ပွားနေသည့် စစ်မီးများ ငြှိမ်းသတ်နိုင်ရန်၊ အပြစ်မဲ့ပြည်သူများ သေကြေပျက်စီးနေရမှုများအား ရပ်တန့်ရန်နှင့် နိုင်ငံတကာ မိသားစုဝင်များအနေဖြင့် ငြိမ်းချမ်းရေးကို ပိုမိုအာရုံစိုက်ရေး ကူညီလာကြစေရန်ဖြစ်ပြီး မေတ္တာကို အခြေခံကာ အကြမ်းမဖက်နည်းဖြင့် ငြိမ်းချမ်းရေးကို လမ်းလျှောက် တောင်းဆိုခဲ့ကြခြင်း ဖြစ်ပြီး လမ်းလျှောက်ခြင်းအားဖြင့် စိတ်တည်ငြိမ်မှု (Mindfulness) ရရှိစေကာ ခေတ်သစ်လူသားတို့၏ စိုးရိမ်ပူပန်မှုများကို ငြိမ်းအေးစေရန်လည်း ရည်ရွယ်ခဲ့သည်။
