၁၀.၂.၂၀၂၆
Written by Linn Eain
ပြည်ပအလုပ်အကိုင်အလုပ်သမားသက်သေခံကတ် (OWIC) ကတ်ပြား ပြုလုပ်ခွင့်ရရှိကြောင်း ကြေညာခြင်းခံရသူများကို မတ်လတွင် ကတ်ထုတ်ပေးရေး ဆောင်ရွက်မည်ကြောင်း အလုပ်သမားဝန်ကြီးဌာနက ကြေညာသည်။
OWIC ကတ်ပြုလုပ်ခွင့်ရရှိကြောင်း ကြေညာခြင်းခံရသည့် အလုပ်သမားများအနေဖြင့် မတ်လ ၁ ရက်က စတင်၍ OWIC ကတ်ဖိုးကျပ် ၅၆၀၀ နှင့် ပျောက်ဆုံး/ပျက်စီးပါက ဒဏ်ကြေးအဖြစ် ကျပ် ၂၂၄၀၀ ကို မြန်မာ့စီးပွားရေးဘဏ်ခွဲများမှတစ်ဆင့် နေပြည်တော်၊ မြန်မာ့စီးပွားရေးဘဏ်တွင် ဖွင့်လှစ်ထားသည့် ပြည်ပတွင်အလုပ်လုပ်ကိုင်မှုကြီးကြပ်ရေးကော်မတီ၏ ငွေစာရင်းအမှတ် OA-013904 သို့ အလုပ်သမားကိုယ်တိုင် ငွေလွှဲလျှောက်လွှာဖြင့် ပေးသွင်းရမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ OWIC ကတ်ဖိုးငွေများအား ငွေစာရင်းအမှတ် OA-013904 သို့ ပေးသွင်းပြီးပါက ငွေပေးသွင်းခဲ့သည့် ငွေလွှဲလျှောက်လွှာ (မူရင်း)နှင့်အတူ မိတ္တူတစ်စောင် ယူဆောင်၍ OWIC ပြုလုပ်ရမည့်နေ့ရက်တွင် အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ကျွမ်းကျင်မှုလေ့ကျင့်ရေး သင်တန်းကျောင်း (မြောက်ဒဂုံ) OWIC ထုတ်ပေးရေးစင်တာသို့ လာရောက်ဆက်သွယ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။
သို့သော် ငွေစာရင်းအမှတ် မှားယွင်းပေးသွင်းခြင်း၊ ငွေလွှဲလျှောက်လွှာ မမှန်ကန်ခြင်း၊ ငွေလွှဲလျှောက်လွှာ (မူရင်း) ပြသနိုင်မှုမရှိခြင်းတို့ဖြစ်ပေါ်ပါက OWIC ကတ်ထုတ်ပေးမည်မဟုတ်ကြောင်း အလုပ်သမားဝန်ကြီးဌာနက အသိပေးကြေညာခဲ့သည်။
အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနအနေဖြင့် နိုင်ငံကူးလက်မှတ် (Passport for Job-PJ) ကိုင်ဆောင်ထားပြီး ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်မည့် အလုပ်သမားများ ပြည်ပနိုင်ငံသို့ ရောက်ရှိသည့်အချိန် သက်ဆိုင်ရာနိုင်ငံ၏ ဥပဒေပါ ခံစားခွင့်များရရှိနိုင်စေရန်နှင့် အလုပ်သမားရေးရာကိစ္စရပ်များ ဖြစ်ပေါ်လာသည့်အချိန် လွယ်ကူလျင်မြန်စွာ ဖြေရှင်းဆောင်ရွက်ပေးနိုင်ရေးအတွက် ပြည်ပအလုပ်အကိုင်အလုပ်သမား သက်သေခံကတ် (Overseas Worker Identification Card-OWIC) ထုတ်ပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
