◾️ ယခု တိုးတက်ပြောင်းလဲမှုက ကုမ္ပဏီများအကြား ယုံကြည်စိတ်ချမှုကို ပြန်လည်ဖြစ်ပေါ်လာခဲ့
၅. ၂. ၂၀၂၆
Written by Nyein Kyaw
အမှာစာအသစ်နှင့် ထုတ်လုပ်ရေး နှစ်ခုလုံး တိုးတက်ခဲ့မှုကြောင့် မြန်မာ့ကုန်ထုတ်လုပ်မှု ပြီးခဲ့သည့် ဇန်နဝါရီလတွင် ပြန်လည်တိုးပွားလာခဲ့ကြောင်း ၂၀၂၆ ခုနှစ် ဇန်နဝါရီလအတွက် S&P Global မြန်မာ့ထုတ်လုပ်မှု Purchasing Managers’ Index (PMI) စစ်တမ်းတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံ၏ ကုန်ထုတ်လုပ်မှုအညွှန်းကိန်း PMI သည် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင် ၅၀ ဒသမ ၆ ရှိခဲ့ရာမှ ၂၀၂၆ ခုနှစ် ဇန်နဝါရီလတွင် ၅၀ ဒသမ ၉ သို့ မြင့်တက်ခဲ့သည့်အတွက် မြန်မာနိုင်ငံ ထုတ်လုပ်ရေးကဏ္ဍ၏ အခြေအနေကောင်းမွန်မှုတွင် ညင်သာသော်လည်း ပိုမိုအားကောင်းသော တိုးတက်မှုရခြင်းကို အချက်ပြခဲ့ကြောင်း ဖော်ပြထားသည်။
အမှာစာအသစ်များနှင့် ထုတ်လုပ်ရေး နှစ်ခုလုံးသည် ပြီးခဲ့သည့်လတွင် ကျဆင်းမှုများကို ကြုံခဲ့ရပြီးနောက် ဇန်နဝါရီလတွင် ပြန်လည်မြင့်တက်လာသည့်အတွက် လတ်တလော တိုးတက်လာမှုနှင့် သက်ဆိုင်ခဲ့သည်။ ပိုမိုမြင့်မားသော ဖောက်သည်ဝယ်လိုအားက ရောင်းချမှုများကို တိုးစေခဲ့ကြောင်း အဖွဲ့ဝင်များက မှတ်ချက်ပြုခဲ့ကြသည်။
“ဇန်နဝါရီလမှာ ထုတ်လုပ်ရေးနဲ့ အမှာစာအသစ် နှစ်မျိုးစလုံးမှာ ပြန်လည်တွေ့ရှိရတဲ့ တိုးပွားမှုနဲ့အတူ ထုတ်လုပ်ရေးကဏ္ဍက အားတက်စရာ တိုးတက်မှုရတဲ့ အမှတ်အသားတွေကို ဆက်လက်ပြသခဲ့ပါတယ်။ ဒီအပြောင်းအလဲတွေက ကုမ္ပဏီတွေအကြား ယုံကြည်စိတ်ချမှုကို ပြန်လည်ဖြစ်ပေါ်လာအောင် ကူညီခဲ့ပါတယ်” ဟု S&P Global Market Intelligence ရှိ စီးပွားရေးပါရဂူ Maryam Baluch က ပြောကြားသည်။
ထို့ကြောင့် ထုတ်လုပ်ရေးတွင် တိုးတက်မှုသည် အနည်းငယ်မျှသာဖြစ်ခဲ့ပြီး တိုးပွားမှုတွင် တိုးတက်ကောင်းမွန်လာသော ဝယ်လိုအား အလားအလာများ၏ပံ့ပို့မှုရှိခဲ့သည်။ သို့သော်လည်း လုပ်ငန်းများစွာက ကုန်ပစ္စည်းပြတ်လပ်မှုများကို ရင်ဆိုင်ခဲ့ရသောကြောင့် ပြင်းထန်စွာ အဟန့်အတားဖြစ်ခဲ့ကြောင်းနှင့် တချို့သောကုမ္ပဏီများက စက်ပစ္စည်းချို့ယွင်းမှုများ သို့မဟုတ် ပြုပြင်ရခြင်းကိုလည်း ဖော်ပြခဲ့ကြကြောင်း ထည့်သွင်းဖော်ပြထားသည်။
ကုမ္ပဏီများသည် ၂၀၂၆ ခုနှစ် စတင်ချိန်တွင် ထောက်ပံ့ရေးကွင်းဆက်များ၌ ပြဿနာများကို ဆက်လက်ရင်ဆိုင်ခဲ့ရပြီး ကုန်ပစ္စည်းရှားပါးမှုနှင့် ဆက်စပ်ခဲ့ကြသည်။ ထည့်ကုန်များအတွက် ပျမ်းမျှပေးပို့ချိန်များသည် မှတ်သားဖွယ်ရာ ကြာရှည်ခဲ့သည့်တိုင် လွန်ခဲ့သော လေးလနှင့်နှိုင်းယှဉ်ပါက များစွာပို၍လျော့နည်းခဲ့ကြောင်း ဖော်ပြထားသည်။

