သက်တံ့
၅.၂. ၂၀၂၆
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ဘန်နာအရပ်ရှိ နက်ရှိုင်းသော မြေအောက်ကေဘယ်လ်ပိုက်လိုင်းကျင်းအတွင်း ဖေဖော်ဝါရီ ၄ ရက် ညနှောင်းပိုင်းက မြေပြိုကျမှုဖြစ်ပွားရာ မြန်မာလုပ်သားတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်သည် ဘန်နာနယ်မြေရှိ လျှပ်စစ်ဓာတ်အားလိုင်းများ မြေအောက်သို့ ရွှေ့ပြောင်းသည့် စီမံကိန်းလုပ်ငန်းခွင်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ ကယ်ဆယ်ရေးလုပ်သားများ၏ ပြောကြားချက်အရ သေဆုံးသူလုပ်သားသည် နက်ရှိုင်းပြီး ရွှံ့နွံများဖြင့် ပျော့အိနေသည့် ကျင်းအောက်ခြေတွင် မြေပိမိခဲ့ခြင်းဖြစ်သည်။ ကယ်ဆယ်ရေးလုပ်ငန်းစဉ်အတွင်း မြေသားများ ထပ်မံကျွံကျနိုင်သည့် အန္တရာယ်ကြောင့် ခက်ခဲစွာဆောင်ရွက်ခဲ့ရကြောင်း သိရသည်။
ရူအမ်ကတ္တင်ညု (Ruamkatanyu) ဖောင်ဒေးရှင်းမှ ကယ်ဆယ်ရေးလုပ်သား တစ်ဦးဖြစ်သူ အနိဝပ် (Aniwat Sirichokphatthanakit) က ၎င်းတို့အဖွဲ့သည် ည ၁၁ နာရီခွဲခန့်တွင် အရေးပေါ်ဖုန်းလိုင်း ၁၉၁ မှတစ်ဆင့် အကြောင်းကြားချက်ရရှိသဖြင့် အခင်းဖြစ်ရာသို့ ချက်ချင်းသွားရောက်ခဲ့သော်လည်း ကယ်ဆယ်ရေးအဖွဲ့များ မရောက်ရှိမီကပင် သေဆုံးသူမှာ မြေအောက်တွင် ပိမိနေပြီး သတိလစ်သွားခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ကယ်ဆယ်ရေးအဖွဲ့များ ဆင်းသွားချိန်တွင် သေဆုံးသူ၌ သက်ရှိလက္ခဏာ တစ်စုံတစ်ရာ မတွေ့ရှိရတော့ဘဲ အလောင်းကို ပြန်လည်ဆယ်ယူရန် အမြင့်ကယ်ဆယ်ရေးပစ္စည်းများနှင့် ထမ်းစင်များကို အသုံးပြု၍ တစ်နာရီခန့် ကြာမြင့်အောင် ဆောင်ရွက်ခဲ့ရသည်။
မျက်မြင်သက်သေများနှင့် လုပ်ငန်းခွင်ဝန်ထမ်းများ၏ ပြောကြားချက်အရ အလုပ်သမားများသည် ၈ မီတာမှ ၁၀ မီတာခန့် အနက်ရှိသော ကျင်းအတွင်း တူးဖော်နေကြခြင်းဖြစ်ပြီး၊ ၁၄ မီတာမှ ၁၅ မီတာခန့်အထိ ဆက်လက်တူးဖော်ရန် ကြိုးပမ်းနေစဉ် ဘေးဝဲယာရှိ မြေသားများ ပြိုကျကာ မြေအောက်၌ အလုပ်လုပ်နေသည့် လုပ်သားတစ်ဦးပေါ်သို့ ပိမိသွားခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် ရဲတပ်ဖွဲ့သည် ချူလာလောင်ကွန်းဆေးရုံမှ မှုခင်းဆရာဝန်များနှင့်အတူ အခင်းဖြစ်ပွားရာကို စစ်ဆေးလျက်ရှိပြီး၊ ဖြစ်စဉ်အကြောင်းရင်းကို အသေးစိတ်သိရှိနိုင်ရန် ကြီးကြပ်ရေးအင်ဂျင်နီယာနှင့် သက်ဆိုင်သူများကို ခေါ်ယူစစ်ဆေးသွားမည်ဟု ဆိုသည်။
ရုပ်အလောင်းကို ခွဲစိတ်စစ်ဆေးပြီးနောက် ဘာသာရေးထုံးစံအရ ဆောင်ရွက်နိုင်ရန် ဆွေမျိုးများထံ လွှဲပြောင်းပေးအပ်သွားမည်ဖြစ်သည်။ အဆိုပါစီမံကိန်းကို ဆူခွမ်ဗစ်လမ်းတလျှောက် ည ၁၀ နာရီမှ နံနက် ၅ နာရီအထိ အချိန်သတ်မှတ်၍ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။
Ref: The Nation Thailand



