◾️ အကြမ်းဖက်သမားများ ဖျက်ဆီးခဲ့မှုနှင့် သဘာဓာတ်ငွေ့ တဖြည်းဖြည်းလျော့ကျလာနေခြင်းကြောင့် ကုန်ထုတ်မှုတိုးတက်စေရေး လျှပ်စစ်ဓာတ်အား အချိန်တိုအတွင်းရရှိမည့် LNG ဖြင့် ဆောင်ရွက်ခဲ့ရ
◾️ ဓာတ်အားခနှုန်းထားတိုးမြှင့်သွားသော်လည်း လုပ်ငန်းရှင်များအတွက် ခိုင်မာသောစွမ်းအင် အာမခံချက်ရှိ၍ လုပ်ငန်းများ အောင်မြင်စွာ တိုးချဲ့ဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း ပြောကြား
◾️ ပြည်သူလူထုသုံးစွဲနေသော ဓာတ်အားခနှုန်းထားများအနေဖြင့် ယခင်နှုန်းထားအတိုင်းဖြစ်ဟု ဆို
၅. ၂. ၂၀၂၆
Written by Nyein Kyaw
စက်မှုဇုန်များ လျှပ်စစ်ဓာတ်အား စဉ်ဆက်မပြတ်ရရှိစေရေး ကုန်ကျစရိတ်မြင့်မားသော LNG ဖြင့် ဆောင်ရွက်ခဲ့ရ၍ စက်မှုဇုန်များအား ဖေဖော်ဝါရီလ အသုံးပြုမှုမှစ၍ ဓာတ်အားခနှုန်းထားသစ် ၉၀၀ ကျပ်ဖြင့် ကောက်ခံသွားမည်ဖြစ်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဥာဏ်ထွန်းက မန္တလေးတိုင်းဒေဿကြီးအတွင်းရှိ စက်မှုဇုန်များမှ တာဝန်ရှိသူများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် ယမန်နေ့က တွေ့ဆုံစဉ် ပြောကြားသည်။
မြန်မာနိုင်ငံအနေဖြင့် စုစုပေါင်းတပ်ဆင် စက်အင်အားမှာ ၆,၇၂၅ မဂ္ဂါဝပ်အထိရှိပြီး စက်စွမ်းအားပြည့် မောင်းနှင်နိုင်ပါက ၄၀၀၀ မဂ္ဂါဝပ်ခန့်အထိ ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်သော အခြေအနေဖြစ်သော်လည်း အကြမ်းဖက်သောင်းကျန်းသူများ၏ တိုက်ခိုက်ဖျက်ဆီးမှုများနှင့် သဘာဝဓာတ်ငွေ့ထုတ်လုပ်နိုင်မှု တဖြည်းဖြည်းလျော့နည်းခဲ့ခြင်းတို့ကြောင့် လျှပ်စစ်ဓာတ်အား ၆၀၀ မဂ္ဂါဝပ်ကျော်မှာ လျော့နည်းထုတ်လုပ်ရရှိသဖြင့် တစ်ရက်လျှင် ၃၀၀၀ မဂ္ဂါဝပ်ခန့်သာ ထုတ်လုပ်နိုင်ခဲ့ပြီး အချို့နေရာများတွင် အချိန်ပိုင်းအလှည့်ကျစနစ်ဖြင့်သာ ဖြန့်ဖြူးပေးခြင်းကို ဆောင်ရွက်ပေးနေရသည့်အခြေအနေဖြစ်သည်။
ယင်းအခက်အခဲများကို ကျော်လွှားနိုင်ရန် ဖြစ်နိုင်ခြေရှိသည့် နည်းလမ်းပေါင်းစုံဖြင့် အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်ခဲ့ရာ ဖျက်ဆီးခံရသည့် ဓာတ်အားလိုင်းများနှင့် ခွဲရုံများကို အချိန်နှင့်တစ်ပြေးညီ ပြုပြင်ခြင်းဆောင်ရွက်လျက်ရှိသကဲ့သို့ LNG မှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းသည် ဈေးနှုန်းကြီးမြင့်သော်လည်း လိုအပ်ချက်ကို ပြည့်မီစေရန်နှင့် ကုန်ထုတ်စွမ်းအား တိုးတက်စေရေးစက်မှုဇုန်များမှ အချိန်ပြည့်ထုတ်လုပ်နိုင်ရန် ရည်ရွယ်၍ အချိန်တိုအတွင်းရရှိမည့် LNG ဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
LNG စီမံကိန်းကို ၂၀၂၃ ခုနှစ် မတိုင်မီကတည်းက LNG to Power ထုတ်လုပ်ပြီး စက်မှုဇုန်များသို့ ပေးရန်လျာထားဆောင်ရွက်ခဲ့ပြီး ၅၀၀ မဂ္ဂါဝပ် LNG ဓာတ်အားပေးစက်ရုံ စီမံကိန်းကို အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့သဖြင့် ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၄ ရက်မှစ၍ ယင်းစက်ရုံမှ ဓာတ်အား ၅၀၀ မဂ္ဂါဝပ်ကို စတင်ဖြည့်တင်းပေးနိုင်ခဲ့ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
LNG ဖြင့် ထုတ်လုပ်ခြင်းမှာ ကုန်ကျစရိတ်မြင့်မားသော်လည်း စက်မှုကဏ္ဍကုန်ထုတ်လုပ်မှုများ အရှိန်အဟုန်မပြတ်စေရန် ရည်ရွယ်၍ မိမိတို့ဝန်ကြီးဌာနအနေဖြင့် “LNG to Industry” ကို အထူးအလေးပေးဖော်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
ဓာတ်အား စဉ်ဆက်မပြတ်ဖြန့်ဖြူးပေးနိုင်မှုအခြေအနေကို ဆက်လက်ထိန်းသိမ်းရန်နှင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုကုန်ကျစရိတ် မျှတစေရန်အတွက် စက်မှုနှင့် စီးပွားရေးလုပ်ငန်းများသို့ ‘‘စီးပွားရေးနှုန်းထား (Economic Rate)’’ တစ်ခုသတ်မှတ်ပြီး ယခုဖေဖော်ဝါရီလ အသုံးမှစ၍ ဓာတ်အားခနှုန်းထားသစ် ၉၀၀ ကျပ်ဖြင့် ကောက်ခံသွားမည်ဖြစ်သည့်အတွက် ဇန်နဝါရီလ အသုံးယူနစ်များကို မီတာဖတ်သူနှင့် သုံးစွဲသူနှစ်ဖက် သဘောတူလက်မှတ်ရေးထိုးသွားရန် လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
ဓာတ်အားခနှုန်းထားတိုးမြှင့်သွားသော်လည်း လုပ်ငန်းရှင်များအတွက် ခိုင်မာသောစွမ်းအင် အာမခံချက်ရှိသည့် ကုန်ထုတ်လုပ်မှု ဝန်းကျင်ကောင်းတစ်ခုကို ဖန်တီးပေးခြင်းဖြစ်သဖြင့် စီးပွားရေးလုပ်ငန်းရှင်ကြီးများအနေဖြင့် မိမိတို့လုပ်ငန်းများ အောင်မြင်စွာ တိုးချဲ့ဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
ပြည်သူလူထုသုံးစွဲနေသော ဓာတ်အားခနှုန်းထားများအနေဖြင့် ယခင်နှုန်းထားအတိုင်းဖြစ်ကြောင်း၊ ယခင်စက်မှုလုပ်ငန်းများတွင် သုံးစွဲခဲ့သည့် ဓာတ်အားများကို ပြည်သူလူထုမှ ပိုမိုသုံးစွဲနိုင်မည်ဖြစ်သဖြင့် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုအတွက် စက်မှုလုပ်ငန်းရှင်များမှ အားလုံးလက်တွဲ၍ ပူးပေါင်းဆောင်ရွက်ပေးကြရန် တိုက်တွန်းလိုကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
