သက်တံ့
၅. ၂. ၂၀၂၆
စစ်ဘက်ဆိုင်ရာ ကုန်သွယ်ရေးကန့်သတ်ချက်များ သိသိသာသာ လျော့ပါးလာသည့် လက္ခဏာရပ်တစ်ခုအဖြစ် အမေရိကန် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် ကမ္ဘောဒီးယားနိုင်ငံကို လက်နက်တင်ပို့မှု နာမည်ပျက်စာရင်းမှ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် တရားဝင် ပယ်ဖျက်ပေးခဲ့သည်။
အမေရိကန် စက်မှုနှင့် လုံခြုံရေးဗျူရို (BIS) သည် ဖက်ဒရယ်မှတ်တမ်း (Federal Register) ကို ပြင်ဆင်မွမ်းမံကာ ကမ္ဘောဒီးယားနိုင်ငံအား ယခင်က လက်နက်တင်ပို့မှု ကန့်သတ်ထားသည့် နိုင်ငံအုပ်စု D:5 (Country Group D:5) စာရင်းမှ ဖယ်ရှားလိုက်ခြင်းဖြစ်သည်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန၏ သုံးသပ်ချက်အရ ကမ္ဘောဒီးယားနိုင်ငံသည် ဒေသတွင်း ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအတွက် တက်ကြွစွာ ဆောင်ရွက်နေခြင်း၊ အမေရိကန်နှင့် စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်လုပ် ဆောင်နေခြင်းနှင့် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများကို တိုက်ဖျက်ရန် ကြိုးပမ်းနေခြင်းတို့ကြောင့် ယခုကဲ့သို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
ဤလုပ်ဆောင်ချက်သည် ၂၀၂၅ ခုနှစ် အောက်တိုဘာလက ကမ္ဘောဒီးယားသို့ လက်နက်ရောင်းချမှု ပိတ်ပင်ချက်ကို ရုပ်သိမ်းခဲ့သည့် အိမ်ဖြူတော်၏ အစောပိုင်းလုပ်ဆောင်ချက်နှင့်လည်း ကိုက်ညီမှုရှိခဲ့သည်။
ကမ္ဘောဒီးယားနိုင်ငံရှိ အမေရိကန် ကုန်သည်ကြီးများအသင်း (AmCham Cambodia) ၏ ဥက္ကဋ္ဌဖြစ်သူ Casey Barnett က ယခုခြေလှမ်းသည် “ကမ္ဘောဒီးယားနိုင်ငံအပေါ် အမေရိကန်၏ ယုံကြည်မှုကို ပြသသည့် ခိုင်မာသော ပြယုဂ်တစ်ခု” ဖြစ် သည်ဟု ဆိုသည်။ စင်ကာပူနိုင်ငံတွင် အမေရိကန်လေကြောင်းနှင့် ကာကွယ်ရေးကုမ္ပဏီများနှင့် တွေ့ဆုံနေစဉ်အတွင်း Barnett က ဤပြောင်းလဲမှုသည် “ကမ္ဘောဒီးယားနိုင်ငံ၏ လုံခြုံရေးနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုနိုင်မည့် အမေရိကန်၏ အဆင့်မြင့်နည်းပညာများကို ရရှိရန် လမ်းစဖွင့်ပေးလိုက်ခြင်းဖြစ်သည်” ဟု ပြောကြားခဲ့သည်။
စည်းမျဉ်းသစ်အရ အုပ်စု D:5 ရှိ ကမ္ဘောဒီးယားအမည်ဘေးမှ ပို့ကုန်ကန့်သတ်ချက်ဆိုင်ရာ “X” အမှတ်အသားကို ပယ်ဖျက်လိုက်ပြီးနောက် ဖေဖော်ဝါရီ ၃ ရက်နေ့မှစ၍ အမေရိကန်၏ လက်နက်ဆိုင်ရာ ကန့်သတ်ချက်အများစုမှာ ထိရောက်စွာ ပြီးဆုံးသွားပြီဖြစ်သည်။ ကျွမ်းကျင်သူများ၏ ခန့်မှန်းချက်အရ ယခုကဲ့သို့ စည်းမျဉ်းများ ဖြေလျှော့ပေးလိုက်ခြင်းကြောင့် ကမ္ဘောဒီးယားသို့ ကုန်ပစ္စည်းများ ပေးပို့ရန်အတွက် လိုင်စင်လျှောက်ထားမှု အရေအတွက်မှာ တစ်နှစ်လျှင် ၁၀၀ ခန့်အထိ တိုးလာနိုင်ပြီး ယခင်က ရှုပ်ထွေးခဲ့သော တင်ပို့မှုလုပ်ငန်းစဉ်များကို ပိုမိုမြန်ဆန် ချောမွေ့စေမည်ဖြစ်သည်။
သို့သော်လည်း အမျိုးသားလုံခြုံရေးအကြောင်းပြချက်များကြောင့် ကမ္ဘောဒီးယားသည် “နိုင်ငံအုပ်စု D:1” (Country Group D:1) တွင် ဆက်လက်ရှိနေဦးမည်ဖြစ်သည်။ ထို့ကြောင့် ပို့ကုန်စီမံခန့်ခွဲမှု စည်းမျဉ်းများ (EAR) ပုဒ်မ ၇၄၄.၂၁ နှင့် ၇၄၄.၂၂ အရ အချို့သော စစ်ဘက်နှင့် ကာကွယ်ရေးဆိုင်ရာ နည်းပညာများအတွက်မူ လိုင်စင်ဆိုင်ရာ ထိန်းချုပ်မှုများ ဆက်လက်ရှိနေမည်ဖြစ်ပါသည်။
Ref: Khmer Times
