MT News
၅. ၂. ၂၀၂၆
ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်မှ စတင်ကာ တစ်လကြာ အပိုင်းသုံးပိုင်းခွဲ၍ ကျင်းပခဲ့သည့် အထွေထွေရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) က အပြတ်အသတ်အနိုင်ရသည့် မြန်မာ့ရွေးကောက်ပွဲရလဒ်ကို ထောက်ခံပြီး မြန်မာပြည်သူများ၏ရွေးချယ်မှုကို လေးစားကြောင်းနှင့် ကူညီမှုများ ဆက်လက် ပေးအပ်သွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Mr. Lin Jian က ပြောကြားသည်။





မြန်မာနိုင်ငံ၏ အထွေထွေရွေးကောက်ပွဲနှင့် စပ်လျဉ်း၍ Bloomberg သတင်းထောက်က ယမန်နေ့တွင် ကျင်းပသည့် ပုံမှန်သတင်းစာရှင်းလင်းပွဲအတွင်း မြန်မာနိုင်ငံ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) မှ တပ်မတော်က ထောက်ခံသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) အနေဖြင့် ရွေးကောက်ပွဲတွင် အပြတ်အသတ်အနိုင်ရရှိခဲ့ကြောင်း ကြေညာခဲ့သည့်အပေါ် တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနအနေနှင့် မြန်မာနိုင်ငံရွေးကောက်ပွဲ ရလဒ်နှင့်ပတ်သက်၍ မည်သို့မှတ်ချက်ပြုလိုပါသနည်းဟု မေးမြန်းခဲ့ခြင်းဖြစ်သည်။
အဆိုပါ မေးမြန်းမှုအပေါ် တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Mr. Lin Jian က ပြန်လည်ဖြေကြားရာတွင် “ချစ်ကြည်ရင်းနှီးသော အိမ်နီးချင်းနိုင်ငံအနေဖြင့်၊ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံအား ၎င်းတို့နိုင်ငံ၏ ကိုယ်ပိုင်အခြေအနေနှင့် ကိုက်ညီမှုရှိသော ဖွံ့ဖြိုးတိုးတက်ရေး လမ်းကြောင်းကို လျှောက်လှမ်းရန် ထောက်ခံကြောင်း၊ မြန်မာနိုင်ငံ အဖွဲ့အစည်းဘက်အသီးသီးတို့မှ ပိုမိုကျယ်ပြန့်၊ ခိုင်မာ၊ ကြာရှည်၊ တည်တံ့သည့် ငြိမ်းချမ်းရေးနှင့် ပြန်လည် သင့်မြတ်ရေးကို အကောင်အထည်ဖော်ပြီး နိုင်ငံရေးအခြေအနေ တည်ငြိမ်အောင် ပူးပေါင်းထိန်းသိမ်းကြရန် ထောက်ခံပါကြောင်း၊ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံပြည်သူများ၏ ရွေးချယ်မှုကို လေးစားပါကြောင်း၊ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပြန်လည်ရရှိစေရန် အပြုသဘော ဆောင်သော အကူအညီများ ဆက်လက်ပံ့ပိုးပေးသွားမည်”ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်ဟု မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးက ထုတ်ပြန်ခဲ့သည်။
၂၀၂၅ ရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ပြည်သူ့လွှတ်တော်တွင် ၂၃၉ နေရာ၊ အမျိုးသားလွှတ်တော်တွင် ၁၀၈ နေရာနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်တွင် ၃၇၉ နေရာအပြင် တိုင်းရင်းသားလူမျိုးလွှတ်တော်တွင်လည်း ၂၁ နေရာ အနိုင်ရရှိခဲ့ပြီး အစိုးရဖွဲ့နိုင်မည့် အနိုင်ရပါတီဖြစ်လာခဲ့သည်။ (Photo – NAC)
