၄.၂.၂၀၂၆
Written by Linn Eain
ရန်ကုန်-နေပြည်တော်လမ်းပိုင်းတွင် ပြေးဆွဲလျက်ရှိသည့် အမှတ်(၃၁) အဆန် DEMU ရထားသစ်သည် ဖေဖော်ဝါရီ ၃ ရက်၊ နံနက် ၁၀ နာရီခွဲတွင် ရေတာရှည်မြို့နယ်၊ မြို့လှနှင့် ရေနီဘူတာအကြား မိုင်တိုင်အမှတ် ၂၀၃/၁၅-၁၆ ကြား ရထားပြေးဆွဲဖြတ်သန်းနေစဉ် အမည်မသိသူတစ်ဦးက ရထားကို ခဲဖြင့် ပစ်ပေါက်ခဲ့မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ထိုသို့ခဲဖြင့်ပစ်ပေါက်ခံရမှုကြောင့် စက်ခေါင်းနောက် ၃ တွဲမြောက် DEMU-U-2004 အထက်တန်းတွဲ(၂)၏ ညာဘက်ခြမ်း ခရီးသည်ထိုင်ခုံနေရာ A-4၊ ပြတင်းပေါက်အပေါ်မှန် ၆ လက်မခန့် ပေါက်၍ ကွဲကြေပျက်စီးမှုဖြစ်ပွားခဲ့သဖြင့် ရေနီဘူတာတွင် ၈ မိနစ်ခန့် ရထားရပ်တန့်ခဲ့ပြီး သက်ဆိုင်ရာ နယ်မြေရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်ထားကြောင်း သိရသည်။
ထို့ပြင် ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်းတွင် အင်းစိန်-လှော်ကား ပြေးဆွဲပေးလျက်ရှိသည့် RBE (ခ-၇)အဆန်ရထားသည် ဇန်နဝါရီ ၃၀ ရက်၊ ညနေ ၆ နာရီခွဲခန့်တွင် တညင်းကုန်းဘူတာနှင့် လှော်ကားဘူတာအကြား မိုင်တိုင်အမှတ် ၁၅/၁၁-၁၂ အရောက် အမည်မသိသူတစ်ဦးက ရထားကိုခဲဖြင့် ပစ်ပေါက်ခဲ့မှုဖြစ်ပွားခဲ့သည်။
ထို့ကြောင့် RBE ရထား၏ ခရီးသည်မှန်ပြတင်းပေါက် အလျား ၃ ပေ ၇ လက်မ၊ အနံ ၁ ပေ ၆ လက်မရှိ ပြတင်းပေါက်မှန် ကွဲကြေပျက်စီးမှုဖြစ်ပွားခဲ့သဖြင့် လှော်ကားနယ်မြေရဲစခန်းတွင် အမှုအမှတ် (ပ) ၃၃/၂၀၂၆၊ ရထားပို့ဆောင်ရေးလုပ်ငန်း ဥပဒေပုဒ်မ ၈၄ ဖြင့် အမှုဖွင့်လှစ်ဆောင်ရွက်ထားကြောင်း သိရသည်။
အဆိုပါ ရထားအားခဲဖြင့်ပစ်ပေါက်မှုဖြစ်ပွားရာသို့ လုံခြုံရေးအဖွဲ့များသည် ဖေဖော်ဝါရီ ၁ ရက် မွန်းလွဲ ၁ နာရီခွဲတွင် သွားရောက်စုံစမ်းစစ်ဆေးခဲ့ရာ ခဲဖြင့်ပစ်ပေါက်မှုဖြစ်ပွားခဲ့ရာ ကျူးလွန်သူ ရွှေပြည်သာမြို့နယ်နေ ထိန်လင်းအောင်၊ ပြည်ဖြိုးအောင်၊ ချမ်းမြေ့အောင်နှင့် ကောင်းမြတ်မင်းတို့အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထို့အတူ ခေတ်မီ DEMU ရထားသစ်ဖြစ်သည့် အမှတ် (၇) အဆန်ရထားကို ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၂၈ ရက်၊ မွန်းလွဲ ၂ နာရီ ၅၉ မိနစ်တွင် ဖြူးနှင့်ဇေယျဝတီဘူတာအကြား ကားလမ်းကူးနေရာအရောက် ရထားသံလမ်းအနောက်ဘက်မှ ခဲဖြင့် ပစ်ပေါက်ခဲ့သဖြင့် ပထမတန်းတွဲအမှတ်- ၂ DEMU F-1010 တွဲ၏ ခုံအမှတ် ၃၊ ၄၊ ၅၊ ၆ နေရာရှိ ပြတင်းပေါက်မှန် နှစ်လက်မခွဲခန့် ပေါက်သွားခဲ့ကြောင်း သိရပြီး ကျူးလွန်သူ ထက်ဦးလွင်(ခ) ငထော်နီကို တောင်ငူခရိုင်တရားရုံးမှ ရာဇသတ်ကြီးမှုအမှတ် ၁၂၅/၂၀၂၅ ဖြင့် ဒီဇင်ဘာ ၅ ရက်တွင် ရထား ပို့ဆောင်ရေးလုပ်ငန်း ဥပဒေပုဒ်မ ၈၄ အရ အလုပ်နှင့်ထောင်ဒဏ် ၁၅ နှစ် ချမှတ်အရေးယူဆောင်ရွက်ခဲ့ကြောင်း သိရသည်။
၂၀၁၆ ခုနှစ် ဇန်နဝါရီ ၅ ရက်တွင် ထုတ်ပြန်ပြီးဖြစ်သည့် ရထားပို့ဆောင်ရေးလုပ်ငန်း ဥပဒေ၊ အခန်း ၁၈၊ ပုဒ်မ ၇၉ (ခ)အရ ရထားကို တစ်စုံတစ်ရာဖြင့် ပစ်ပေါက်ခြင်း (သို့မဟုတ်) တစ်စုံတစ်ရာပြုလုပ်ခြင်း အတွက် ပြစ်ဒဏ်အနေဖြင့် ပုဒ်မ (၈၄)အရ ထိုသူကို အနည်းဆုံး ၅ နှစ် မှ အများဆုံး နှစ် ၂၀ ထက်မပိုသော ထောင်ဒဏ်ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်းသိရသည်။
