သက်တံ့
၃၁. ၁. ၂၀၂၆
မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ်က မဟာမုနိဘုရားကြီး ဂေါပကဥက္ကဋ္ဌ ဦးမြဝင်းဟာ ဒီနေ့မနက်ပိုင်းက ဘုရားကြီး ရွှေထီးတော် ဘုံခြောက်ဆင့် တင်လှူပူဇော်ပွဲ အခမ်းအနားမှာ ရုတ်တရက် ကွယ်လွန်သွားခဲ့တယ်လို့ သိရပါတယ်။
ဖြစ်စဥ်က ဘုရားကြီး ထီးတော်တင်လှူပွဲအခမ်းအနားကို ဒီနေ့ ဇန်နဝါရီ ၃၁ ရက် မနက်မိုးလင်းစအချိန် စတင်ခဲ့တာဖြစ်ပြီး ဒီအခမ်းအနားမှာ အသက် ၇၅ နှစ်အရွယ် ဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးမြဝင်းဟာ ရုတ်တရက် လဲကျဆုံးပါးခဲ့တာလို့ ဒေသတွင်းသတင်းတွေအရ သိရပါတယ်။
ဒီဖြစ်စဥ်အပေါ် မန္တလေးသတင်းကွန်ရက်ကလည်း ဝမ်းနည်းကြောင်း ဖော်ပြထားပြီး ဘုရား၊ သိမ်၊ ကျောင်း၊ ရဟန်းဒါယကာ၊ သာသနာ့ဒါယကာ၊ မန္တလေး မဟာမုနိဘုရားကြီး ဥက္ကဋ္ဌ၊ မန္တလေး ဓမ္မရံသီမိုးကုတ်ရိပ်သာကျောင်းတိုက်ရဲ့ ဥက္ကဋ္ဌ ဦးမြဝင်းဟာ ယနေ့ ဇန်နဝါရီ ၃၁ ရက် နံနက်ပိုင်းက မဟာမုနိဘုရားကြီး ကိန်းဝပ်စံပါယ်တော်မူရာ ကျောင်းတော်ကြီး ထီးတော်တင်လုပ်ငန်းကို တာဝန်ရှိသူတွေနဲ့ ဂေါပကအဖွဲ့ဝင်တွေက အမြင့် ၁၇၄ ပေရှိ ငြမ်းပေါ်တက်ရောက်ပြီး သာသနာ့အကျိုး စွမ်းစွမ်းတမံ အတူတကွဆောင်ရွက်နေချိန် ဂေါပကဥက္ကဋ္ဌကြီး ဦးမြဝင်းဟာ ငြမ်းအပေါ်ဆုံးကိုရောက်ရှိပြီး ၁၀ မိနစ်ခန့်အကြာမှာ ရုတ်တရက်လဲကျသွားလို့ ဆေးရုံကို ပို့ဆောင်ခဲ့ပေမယ့် ကွယ်လွန်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဂေါပက ဥက္ကဋ္ဌ ဦးမြဝင်းဟာ နှလုံးစက်တပ်ထားရသူဖြစ်ပြီး ငြမ်းပေါ်တက်ချိန်မှာ အမောဖောက်ပြီး ကွယ်လွန်သွားတာလို့လည်း သိရသလို မန္တလေး ဓမ္မရံသီမိုးကုတ်ရိပ်သာကျောင်းတိုက်ကလည်း ကျောင်းတိုက်ဥက္ကဋ္ဌဦးမြဝင်း ရုတ်တရက်ကွယ်လွန်ခြင်းအပေါ် ဓမ္မသံဝေဂနဲ့ ဝမ်းနည်းရပါကြောင်း ဖော်ပြထားသလို ကောင်းရာသုဂတိရောက်ရှိဖို့လည်း ဆုမွန်ကောင်းတောင်းပေးထားတာ တွေ့ရပါတယ်။
ဓာတ်ပုံ – အောင်တံခွန် ရွှေဆိုင်း




