သက်တံ့
၃၁. ၁. ၂၀၂၆
ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့မှတစ်ဆင့် မြန်မာနိုင်ငံ တာချီလိတ်မြို့ဘက်သို့ ပို့ဆောင်မည့် ကုန်ပစ္စည်းများအတွင်း ဝှက်ယူလာသော ပြောင်းရှည်သေနတ် ၁ လက်အား စစ်ဆေးတွေ့ရှိခဲ့သဖြင့် သယ်ယူလာသူ မြန်မာနိုင်ငံသားအား ထိုင်းအာဏာပိုင်များက ဖမ်းဆီးအမှုဖွင့်ထားကြောင်း သိရသည်။
ထိုင်းနိုင်ငံ၊ အကောက်ခွန်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် Mr. Phanthong Loykulnand၊ ဒုတိယညွှန်ကြားရေးမှူးချုပ် Mr. Direk Kacharak နှင့် အမှတ် (၃) ဒေသဆိုင်ရာ အကောက်ခွန်ရုံး ညွှန်ကြားရေးမှူး Ms. Praonrat Rattanapornsompong တို့၏ လမ်းညွှန်မှုဖြင့် တစ်နိုင်ငံလုံးရှိ နယ်စပ်ဂိတ်များတွင် တရားမဝင်ပစ္စည်းများ စစ်ဆေးကြပ်မတ်ရန် ညွှန်ကြားထားသဖြင့် မယ်ဆိုင်အကောက်ခွန်ရုံး ညွှန်ကြားရေးမှူး Mr. Waris Visathanon ၏ အမိန့်အရ ယမန်နေ့ ဇန်နဝါရီလ ၃၀ ရက် ညနေ ၅ နာရီခန့်တွင် ချင်းရိုင်ခရိုင်၊ မယ်ဆိုင်မြို့၊ အမှတ် (၁) ချစ်ကြည်ရေးတံတားရှိ မယ်ဆိုင်နယ်စပ်အကောက်ခွန်ရုံးတွင် စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။
မယ်ဆိုင်အကောက်ခွန်အရာရှိများ၊ ချင်းရိုင်ခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့် ဖာမိူင်းတပ်ရင်း (Pha Muang Force) တို့ ပူးပေါင်း၍ စစ်ဆေးချိန် ထိုင်းနိုင်ငံပြင်ပသို့ ထွက်ခွာမည့်ယာဉ်လိုင်းတွင် အသက် (၅၀) အရွယ်၊ ကုန်စည်အငှားသယ်ယူပို့ဆောင်သည့် အလုပ်ကို လုပ်ကိုင်သော မြန်မာနိုင်ငံသား အမျိုးသားတစ်ဦးကို စစ်ဆေးခဲ့သည်။ ၎င်းသည် မြန်မာနိုင်ငံကူးလက်မှတ် (Passport) ကိုင်ဆောင်ထားပြီး မြန်မာလိုင်စင်ပါရှိသော နောက်တွဲပါဆိုင်ကယ်ဖြင့် ကုန်ပစ္စည်းများ အပြည့်တင်ဆောင်လာခဲ့ခြင်း ဖြစ်သည်။
စစ်ဆေးမှုအရ သံသယဖြစ်ဖွယ် ပါဆယ်သေတ္တာတစ်လုံးကို တွေ့ရှိသဖြင့် ဖွင့်လှစ်ကြည့်ရှုရာ ၁၂ ဗို့ (Gauge 12) အမျိုးအစား ပြောင်းရှည်အမဲလိုက်သေနတ်တစ်လက်ကို တွေ့ရှိခဲ့သည်။ စကားပြန်မှတစ်ဆင့် မေးမြန်းချက်အရ ၎င်းသည် အဆိုပါသေတ္တာကို မယ်ဆိုင်မြို့ရှိ နေရာတစ်ခုမှ လက်ခံရရှိခဲ့ခြင်းဖြစ်ပြီး အတွင်း၌ မည်သည့်ပစ္စည်းပါဝင်သည်ကို ဖွင့်လှစ်ကြည့်ရှုခြင်း မရှိခဲ့ကြောင်း ထွက်ဆိုခဲ့သည်။
ထို့ကြောင့် အဆိုပါ မြန်မာနိုင်ငံသားကို ထိုင်းအာဏာပိုင်များက အကောက်ခွန်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို ဖြတ်သန်းခြင်းမရှိဘဲ နိုင်ငံပြင်ပသို့ ပစ္စည်းတင်ပို့ရန် ကြိုးပမ်းမှုဖြင့် ၂၀၁၇ ခုနှစ်၊ အကောက်ခွန်အက်ဥပဒေ ပုဒ်မ ၂၄၂ အရ အမှုဖွင့်လှစ်ခဲ့သည်။ တရားခံအား မယ်ဆိုင်မြို့မရဲစခန်းသို့ လွှဲပြောင်းပေးအပ်ကာ အမှုစစ်ဆေးပြီး ဥပဒေအရ ဆက်လက်အရေးယူဆောင်ရွက်သွားမည် ဖြစ်သည်ဟု သိရသည်။
Ref: Maesai Press

