၃၁.၁.၂၀၂၆
Written by Linn Eain
အရှေ့တောင်အာရှတွင် သက်တမ်းအရှည်ကြာဆုံး တိရစ္ဆာန်ဥယျာဉ်တစ်ခုဖြစ်သည့် ရန်ကုန်တိရစ္ဆာန်ဥယျာဉ် နှစ်(၁၂၀) ပြည့်အခမ်းအနားကို ဇန်နဝါရီ ၃၁ ရက်၊ နံနက် ၉ နာရီခွဲတွင် စတင်ဖွင့်လှစ်ခဲ့ပြီး လာရောက်လည်ပတ်သူ များပြားလျက်ရှိသည်။
အဆိုပါအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အစိုးရအဖွဲ့ဝင်များ၊ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်မှ တာဝန်ရှိသူများ တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးစိုးသိန်းက အဖွင့်အမှာစကားပြောခဲ့ပြီး ထူးကုမ္ပဏီများအုပ်စုအကြံပေးပုဂ္ဂိုလ် ဦးမြင့်ဆွေက ကျေးဇူးတင်စကားပြောကြားခဲ့သည်။
ဆက်လက်၍ တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်) / (Htoo Zoos & Gardens Business Unit) ၏ ၂၀၂၅ ခုနှစ်အတွင်း အောင်မြင်စွာလုပ်ဆောင်နိုင်ခဲ့သည့် တိရစ္ဆာန်ထိန်းသိမ်းရေးဆိုင်ရာ လုပ်ငန်းဆောင်တာများကို ရှင်းလင်းတင်ပြခဲ့ပြီး မြန်မာတေးသံသာဖြင့် ဖိုးသောကြာနှင့် အေးမြဖြူတို့က သီဆိုဖျော်ဖြေပေးခဲ့ကြောင်း သိရသည်။
ယင်းနောက် တိရစ္ဆာန်ဥယျာဥ် (ရန်ကုန်)၏ ၁၂ဝ နှစ်ပြည့် အခမ်းအနားတွင် လာရောက်လည်ပတ်သည့် ဧည့်သည်များအနက် ၁၂ဝ မြောက် စုံတွဲအား တိရစ္ဆာန်ဥယျာဥ် (ရန်ကုန်) မှ အထူးလက်ဆောင်အဖြစ် Surprise Gift ပေးအပ်ခဲ့ကြောင်း သိရသည်။
ရန်ကုန်တိရစ္ဆာန်ဥယျာဥ် နှစ် ၁၂၀ ပြည့် အထိမ်းအမှတ်ပွဲတော်ကို ၅ ရက်ကြာပြုလုပ်မည်ဖြစ်ပြီး ဖွင့်ပွဲအခမ်းအနားပြီးနောက် ဖေဖော်ဝါရီ ၁ ရက်မှ ၄ ရက်အထိ ဈေးရောင်းပွဲတော်၊ အဆို၊ အက၊ မျက်လှည့်တို့အပြင် ကလေးငယ်များအတွက် Talk Show စသည်တို့ကို ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်မြို့ရှိ တိရစ္ဆာန်ဥယျာဉ်မှာ ဗြိတိသျှအစိုးရလက်ထက်က တည်ထောင်ထားခဲ့သော တိရစ္ဆာန်ဥယျာဉ်တစ်ခုဖြစ်ပြီး ၁၉၀၆ ခုနှစ် ဇန်နဝါရီ ၂၅ ရက်တွင် ဆောက်လုပ်ခဲ့ကြောင်း မှတ်တမ်းများအရ သိရသည်။















