နေမိုး
၂၇. ၁. ၂၀၂၆
ကရင်ပြည်နယ်လွှတ်တော်၏ ဗမာတိုင်းရင်းသားလူမျိုးမဲဆန္ဒနယ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဦးတင်မောင်လှိုင်က ပြိုင်ဘက်များကို အပြတ်အသတ် မဲအသာစီးဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။
ကရင်ပြည်နယ်၊ ဗမာတိုင်းရင်းသားလူမျိုးမဲဆန္ဒနယ်မှာ ကရင်ပြည်နယ် မြို့နယ်ခုနစ်မြို့နယ်တွင် နေထိုင်ကြသည့် ဗမာတိုင်းရင်းသားလူမျိုး မဲဆန္ဒရှင်ပြည်သူများက ဆန္ဒမဲရွေးချယ်ပေးခဲ့ခြင်းဖြစ်ပြီး ဦးတင်မောင်လှိုင်အပါအဝင် ကိုယ်စားလှယ်ခြောက်ဦးက ရွေးကောက်ပွဲ အပိုင်းသုံးပိုင်းစလုံးတွင် ယှဥ်ပြိုင်ခဲ့ရခြင်းဖြစ်သည်။
“ကျွန်တော် ဝင်ပြိုင်တဲ့ ဗမာတိုင်းရင်းသားလူမျိုးမဲဆန္ဒနယ်ရဲ့ မဲရလာဒ်တွေက တစ်ပြည်နယ်လုံး ရွေးကောက်ပွဲကျင်းပပြီးမှ ကြေညာတာဖြစ်ပါတယ်။ကျွန်တော်ဝင်ပြိုင်တဲ့ မဲဆန္ဒနယ်မှာ ကျွန်တော်အပါအဝင် ပါတီ ၆ ခုက ကိုယ်စားလှယ်လောင်း ၆ ဦး ဝင်ရောက်ယှဥ်ပြိုင်အရွေးခံကြပါတယ်။ ကရင်ပြည်နယ် ခုနစ်မြို့နယ်လုံး ကျင်းပပြီးစီးချိန်မှာတော့ ကျွန်တော် ဦးတင်မောင်လှိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက၂၉၀၀၁ မဲနဲ့ မဲအများဆုံး ရရှိခဲ့တဲ့အတွက် နေရာတိုင်း ကျွန်တော် ဦးတင်မောင်လှိုင်က အနိုင်ရရှိခဲ့ပါတယ်။ ကရင်ပြည်နယ်တစ်ခုလုံးမှာ ဗမာတိုင်းရင်းသားလူမျိုးမဲပေါင်း ၄၈၁၀၀ မဲပေးခဲ့ကြရာမှာ ကျွန်တော် ၂၉၀၀၁ မဲရရှိခဲ့တာဖြစ်လို့ မဲပေးခဲ့သူအားလုံးရဲ့ (၆၀.၂၉%)က ကျွန်တော်ကို ဆန္ဒမဲပေးရွေးချယ်ခဲ့ကြတာဖြစ်ပါတယ်။ ကျွန်တော် ရရှိခဲ့တဲ့ မဲ (၂၉၀၀၁) မှာ ကြိုတင်မဲ (၁၂၇၆၆)၊ ဆန္ဒမဲ (၁၆၂၃၅) ဖြစ်ပါတယ် ကျွန်တော်က ယှဥ်ပြိုင်ဖက်တွေကို ကြိုတင်မဲမှာရော၊ မဲရုံမှာ လာပေးကြတဲ့ဆန္ဒမဲမှာပါ ပြတ်ပြတ်သားသား အနိုင်ရခဲ့တာဖြစ်ပါတယ်”ဟု ဦးတင်မောင်လှိုင်က အသိပေးသည်။
ဦးတင်မောင်လှိုင်က အနီးကပ်ဆုံးပြိုင်ဘက်ဖြစ်သော ဒုတိယရသူမှာ မဲ ၆၂၆၇ မဲ၊ တတိယရသူမှာ ၅၇၄၇ မဲ ရရှိခဲ့၍ အနီးကပ်ဆုံးပြိုင်ဘက်များကို မဲ ၂၂၀၀၀ အထက်ဖြတ်၍ အနိုင်ရခဲ့ခြင်းဟုလည်း သိရသည်။
ထို့အပြင် ဦးတင်မောင်လှိုင်၏ ရမဲ့များအနေဖြင့် ဘားအံမြို့နယ်တွင် ၁၂၁၂၀ မဲ၊ လှိုင်းဘွဲ့မြို့နယ်တွင် ၃၃၂၁ မဲ၊ သံတောင်ကြီးမြို့နယ်တွင် ၁၅၃၉ မဲ၊ ကော့ကရိတ်မြို့နယ်တွင် ၄၂၉၅ မဲ၊ ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ၁၈၈၉ မဲ၊ မြဝတီမြို့နယ်တွင် ၄၁၇၆ မဲ၊ ဖာပွန်မြို့နယ်တွင် ၁၆၅၁ မဲနှင့် နိုင်ငံခြားရောက် မဲ ၉ မဲတို့ဖြင့်စုစုပေါင်း ၂၉၀၀၁ မဲဖြစ်ကာ ကရင်ပြည်နယ် ခုနစ်မြို့နယ်စလုံးတွင် ယှဥ်ပြိုင်ဘက်အားလုံးကို အနိုင်ရရှိခဲ့သည်ဟုလည်း သိရသည်။
“ရွေးကောက်ပွဲ ဝင်ပြိုင်ရတော့မယ်ဆိုကတည်းက နိုင်မယ်ဆိုတာ ကြိုတင်ခန့်မှန်းမိခဲ့ပါတယ်။ သို့သော် နိုင်ခဲ့ရင်တောင်မှ ပြတ်ပြတ်သားသား အနိုင်ရချင်လို့ရွေးကောက်ပွဲအောင်နိုင်ရေး Planကို သေချာရေးဆွဲအကောင်အထည်ဖော်ခဲ့ပါတယ်။ Online စည်းရုံးရေးထက် မဲဆန္ဒရှင်ပြည်သူတွေနဲ့ တိုက်ရိုက်ထိတွေ့ခွင့်ရတဲ့ မြေပြင်စည်းရုံးရေးကို ပြင်းပြင်းထန်ထန်ကြိုးစားလုပ်ဆောင်ခဲ့ပါတယ်။ ဘာလို့ ပြတ်ပြတ်သားသားအနိုင်ရချင်တာလဲဆိုရင် ကြိုတင်မဲနဲ့ အနိုင်ရတာ၊ တပ်မဲနဲ့ အနိုင်ရတာပါ၊ ဝန်ထမ်းမဲနဲ့ အနိုင်ရတာပါလို့ ဝေဖန်တာမခံချင်လို့ မြို့ပေါ်ရပ်ကွက်နေ ပြည်သူတွေရဲ့မဲ၊ ကျေးရွာနေ ပြည်သူတွေရဲ့မဲ တွေကိုပါ အခိုင်အမာရရှိအောင် ကြိုးစားခဲ့ခြင်းဖြစ်ပါတယ်။ ကျွန်တော်ရဲ့ ကြိုးစားမှု ရလဒ်ကောင်းခဲ့ပါတယ်။ မဲရုံမှာ လာပေးတဲ့ ဆန္ဒမဲပေါင်း ၁၆၂၃၅ ရရှိခဲ့ပါတယ်”ဟုလည်း ဦးတင်မောင်လှိုင်က မျှဝေအသိပေးထားသည်။

