နေမိုး
၂၇. ၁. ၂၀၂၆
နေအိမ်တွင်ရှိနေသည့် သက်ကြီးပိုင်းအမျိုးသားတစ်ဦးကို PDF ငါးဦးက ဒလန်တံဆိပ်ကပ်ကာ ဖမ်းဆီးသွားပြီးနောက် ဦးခေါင်းကို သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု နတ်မောက်မြို့နယ်တွင် ဖြစ်ပွားခဲ့သည်။
NUG ဩဇာခံ ပဲခူး PDF များ၏ ကျူးလွန်မှုဖြစ်စဥ်မှာ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၄ ရက် ည ၁၁ နာရီ ၃၅ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ ဒီးဒုတ်ကုန်းကျေးရွာနေ ဦးအောင်ဝင်း (၅၈) နှစ်သည် ၎င်း၏နေအိမ်၌ ရှိနေစဉ် PDF ငါးဦးခန့်က ဆိုင်ကယ်သုံးစီးဖြင့် ရောက်ရှိလာပြီး အကြမ်းဖက်ဖမ်းဆီးခေါ်ဆောင်ကာ ကျေးရွာအနောက်ဘက် ဒီးဒုတ်ကုန်း ချောင်းအတွင်းရှိ သဲသောင်ပြင်ပေါ်အရောက် ရိုက်နှက်ညှင်းပန်းနှိပ်စက်ပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ဦးအောင်ဝင်းတွင် ကျည်ထိမှန် ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။
နွေဦးတော်လှန်ရေးစတင်ချိန် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှ ယခုနှစ် ဒီဇင်ဘာလ ၂၆ ရက်အထိ NUG၊ PDF နှင့် EAOs တို့က ဒလန်၊ သူလျှို၊ ပျူစောထီး၊ နစကယန္တရားလည်ပတ်စေသူဟု စွပ်စွဲကာ အကြမ်းဖက်သတ်ဖြတ်မှုများကြောင့် အပြစ်မဲ့အရပ်သားများ၊ သံဃာတော်များ၊ ကလေးသူငယ်များ၊ အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူများ၊ အစိုးရဝန်ထမ်းများ၊ စုစုပေါင်း ၉၉၀၈ ဦး သေဆုံးခဲ့ကာ ၁၃၀၁၁ ဦး ဒဏ်ရာရရှိခဲ့ပြီး ထိုအထဲတွင် ပြည်ခိုင်ဖြိုးပါတီဝင် ၁၀၀၀ အထက် သေဆုံးဒဏ်ရာရမှု ဖြစ်ပွားထားသည်။
