◾️ရွေးကောက်ပွဲကို နှောင့်ယှက်တိုက်ခိုက်ဖျက်ဆီးသူများကြောင့် သစ္စာရှိနိုင်ငံ့ဝန်ထမ်း ၂ ဦး သေဆုံးခဲ့ရပြီး နိုင်ငံ့ဝန်ထမ်း ၂ ဦးနှင့် အပြစ်မဲ့ပြည်သူ ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့
◾️မည်သို့ပင် နှောင့်ယှက်တိုက်ခိုက်ဖျက်ဆီးခဲ့သော်လည်း ရွေးကောက်ပွဲကို နိုင်ငံတကာမှ စောင့်ကြည့်လေ့လာသူများ၏ ရှေ့မှောက်တွင် လွတ်လပ်တရားမျှတမှု၊ ပွင်းလင်းမြင်သာမှုရှိရှိ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ဟုပါ ပြောကြား
၂၇. ၁. ၂၀၂၆
Written by Nyein Kyaw
အပိုင်းလိုက်ကျင်းပသည့် ၂၀၂၅ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်းသုံးပိုင်းလုံးတွင် လာရောက်မဲပေးသူ ၁၃ ဒသမ ၁၄ သန်းကျော်ဖြစ်ပြီး မဲပေးပိုင်ခွင့်ရှိသူဦးရေ၏ ၅၅ ရာခိုင်နှုန်းခန့်ရှိကြောင်း သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ယနေ့တွင် ပြောကြားသည်။
မြန်မာနိုင်ငံ၏ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်တွင် အပိုင်း (၁) အဖြစ် မြို့နယ်ပေါင်း ၁၀၂ မြို့နယ်၊ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၁ ရက်တွင် မြို့နယ်ပေါင်း ၁၀၀ မြို့နယ်နှင့် ဇန်နဝါရီလ ၂၅ ရက်တွင် မြို့နယ်ပေါင်း ၆၁ မြို့နယ် စုစုပေါင်း ၂၆၃ မြို့နယ်တွင် အောင်အောင်မြင်မြင် ကျင်းပပြုလုပ်ခဲ့ပြီးဖြစ်သည်။
အဆိုပါ ရွေးကောက်ပွဲမှ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ၂၆၃ နယ်၊ အမျိုးလွှတ်တော် မဲအများဆုံးရသူအနိုင်ယူစနစ် (FPTP) မဲဆန္ဒနယ် ၇၃ နယ်၊ အချိုးကျကိုယ်စားပြုစနစ် (PR) မဲဆန္ဒနယ် ၂၆ နယ်၊ တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် မဲအများဆုံးရသူအနိုင်ယူစနစ် (FPTP) မဲဆန္ဒနယ် ၂၅၅ နယ်၊ တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် အချိုးကျကိုယ်စားပြုစနစ် (PR)မဲဆန္ဒနယ် ၄၂ နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ် ၂၉ နယ်တို့ကို ရွေးကောက်တင်မြှောက်ခဲ့ခြင်းဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။




၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးနိုင်သည့် မဲဆန္ဒရှင်ပြည်သူ စုစုပေါင်းအရေအတွက် ၂၄ ဒသမ ၂၂ သန်းကျော်ရှိသည်။ ရွေးကောက်ပွဲ အပိုင်း(၁)တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူဦးရေ ၁၁ ဒသမ ၆၉ သန်းကျော်အနက် လာရောက်ဆန္ဒမဲပေးသူ ၆ ဒသမ ၀၉ သန်းကျော်ရှိပြီး ၅၂ ဒသမ ၁၃ ရာခိုင်နှုန်း မဲပေးခဲ့ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
ထို့အတူ ရွေးကောက်ပွဲ အပိုင်း (၂)တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူဦးရေ ၇ ဒသမ ၅၉ သန်းကျော်ရှိပြီး လာရောက်ဆန္ဒမဲပေးသူ ၄ ဒသမ ၂၄ သန်းကျော်ရှိပြီး မဲပေးမှုရာခိုင်နှုန်း ၅၅ ဒသမ ၉၅ ရာခိုင်နှုန်းရှိကြောင်း၊ ရွေးကောက်ပွဲ အပိုင်း (၃)တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူဦးရေ ၄ ဒသမ ၉၄ သန်းကျော်အနက် လာရောက်ဆန္ဒမဲပေးသူ ၂ ဒသမ ၇၉ သန်းကျော်ရှိသည့်အတွက် ၅၆ ဒသမ ၄၈ ရာခိုင်နှုန်းရှိကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
“မဲပေးမှုက အပိုင်း (၁)၊ (၂)၊ (၃) မှာ တစ်ဖြည်းဖြည်းများများလာတာကို တွေ့ရမှာပဲဖြစ်ပါတယ်။ ဒါကြောင့်မို့ ရွေးကောက်ပွဲ အပိုင်းသုံးပိုင်းလုံးမှာ လာရောက်ဆန္ဒမဲပေးတဲ့ မဲဆန္ဒရှင်စုစုပေါင်း ၁၃ ဒသမ ၁၄ သန်းကျော်ဖြစ်ပြီး လာရောက်ဆန္ဒမဲပေးတဲ့ ရာခိုင်နှုန်းစုစုပေါင်း ၅၄ ရာခိုင်နှုန်းကျော်၊ ၅၅ ရာခိုင်နှုန်းခန့် ရှိကြောင်း တွေ့ရှိရပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
ရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတမှုအပြည့်ရှိသည့် ရွေးကောက်ပွဲဖြစ်ကြောင်း စောင့်ကြည့်လေ့လာနိုင်ရန် ပြည်တွင်းနှင့် နိုင်ငံတကာ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများ ဖိတ်ခေါ်ခဲ့ပြီး ရွေးကောက်ပွဲ အပိုင်း(၁) တွင် စုစုပေါင်းနိုင်ငံ ၈ နိုင်ငံ၊ အဖွဲ့အစည်းတစ်ခုတို့မှ ကိုယ်စားလှယ် ၃၂ ဦး လေ့လာခဲ့သည်။
ရွေးကောက်ပွဲ အပိုင်း(၂)တွင် အချိန်အကန့်သတ်ချက်အရ နိုင်ငံတကာစောင့်ကြည့်လေ့လာရေးအဖွဲ့များ လာရောက်နိုင်ခြင်းမရှိဘဲ မြန်မာနိုင်ငံအခြေစိုက် သံရုံများက စောင့်ကြည့်လေ့လာရေးအဖွဲ့များ လေ့လာခဲ့ကြောင်း၊ ရွေးကောက်ပွဲ အပိုင်း(၃)တွင် နိုင်ငံ ၇ နိုင်ငံနှင့် အဖွဲ့အစည်းမှ နိုင်ငံတကာစောင့်ကြည့်လေ့လာရေးအဖွဲ့များ လာရောက်ခဲ့သည်။
“သူတို့တွေဆီက အပြုသဘောဆောင်တဲ့မှတ်ချက်တွေ ကျွန်တော်တို့ ရရှိခဲ့ပါတယ်။ ရန်ကုန်မြို့အခြေစိုက် နိုင်ငံခြားသံရုံး ၁၄ ရုံးက ကိုယ်စားလှယ် ၁၃၃ ဦးတို့ကလည်း ရွေးကောက်ပွဲ အပိုင်းများအားလုံးမှာ စောင့်ကြည့်လေ့လာခဲ့တာဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
ထို့အတူ ရွေးကောက်ပွဲ အပိုင်း(၁)တွင် နိုင်ငံတကာသတင်းမီဒီယာအဖွဲ့အစည်း ၆၁ ခုမှ သတင်းမီဒီယာ၊ သတင်းထောက် ၂၁၅ ဦး၊ အပိုင်း (၂)တွင် နိုင်ငံတကာသတင်းမီဒီယာအဖွဲ့အစည်း ၃၅ ခုမှ သတင်းမီဒီယာသမား ၁၀၁ ဦးနှင့် အပိုင်း(၃)တွင် နိုင်ငံတကာသတင်းမီဒီယာအဖွဲ့အစည်း ၄၁ ခုမှ သတင်းမီဒီယာသမား ၁၃၅ ဦးတို့က ရွေးကောက်ပွဲဆိုင်ရာ သတင်းများကို အသီးသီးလွတ်လပ်စွာ ရယူခဲ့သည်။ ထို့ပြင် ပြည်တွင်း သတင်းမီဒီယာ ၅၂ ဖွဲ့မှ သတင်းမီဒီယာသမား ၁,၁၇၇ ဦးတို့ကလည်း ရွေးကောက်ပွဲလုပ်ငန်းစဉ်များကို စောင့်ကြည့်လေ့လာမှတ်တမ်းယူခဲ့ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
“ဒါ့ကြောင့်လည်း မိဘပြည်သူများအနေနဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့သတင်းများကို အားလုံးနေရာအနှံ့ သိမြင်ရမှာဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
ယခုကဲ့သို့ နိုင်ငံတော်အစိုးရနှင့် ပြည်သူလူထုက ဒီမိုကရေစီလမ်းကြောင်းကို ရွေးချယ်ပြီး ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို အားတက်သရောဆောင်ရွက်နေသည့်အချိန်၌ပင် ဒီမိုကရေစီကို မလိုလားသည့် အကြမ်းဖက်အဖျက်သမား သောင်းကျန်းသူအုပ်စုများက ရွေးကောက်ပွဲ အထမမြောက်စေရန် နှောင့်ယှက်ဖျက်ဆီးခဲ့ကြောင်းလည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆက်လက် ပြောကြားသည်။
“ရွေးကောက်ပွဲ အပိုင်း(၁) ကျင်းပချိန်မှာ မြို့နယ်ပေါင်း ၁၃ မြို့နယ်မှာ နှောင့်ယှက်ဟန့်တား ဖျက်ဆီးမှုတွေ လုပ်ဆောင်ခဲ့ပြီး ရွေးကောက်ပွဲအပိုင်း (၂) ဆောင်ရွက်ချိန်မှာတော့ မြို့နယ်ပေါင်း ၁၀ မြို့နယ်မှာ နှောက်ယှက်ဟန့်တားဖျက်ဆီးမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ ဒါ့အပြင် ရွေးကောက်ပွဲ အပိုင်း(၃) ကျင်းပချိန်မှာလည်း မြို့နယ်ပေါင်း ၁၁ မြို့နယ်မှာ နှောင့်ယှက်ဟန့်တားဖျက်ဆီးမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ ဒီလိုအကြမ်းဖက်လုပ်ဆောင်မှုတွေကြောင့် သစ္စာရှိ နိုင်ငံ့ဝန်ထမ်း ၂ ဦး သေဆုံးခဲ့ရပြီး နိုင်ငံ့ဝန်ထမ်း ၂ ဦးနဲ့ အပြစ်မဲ့ပြည်သူ ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
မည်သို့ပင်နှောင့်ယှက်တိုက်ခိုက်ဖျက်ဆီးခဲ့သော်လည်း ရွေးကောက်ပွဲကို နိုင်ငံတကာမှ စောင့်ကြည့်လေ့လာသူများနှင့် မဲဆန္ဒရှင်ပြည်သူများ၏ ရှေ့မှောက်တွင် လွတ်လပ်မှု၊ တရားမျှတမှု၊ ပွင်းလင်းမြင်သာမှုရှိရှိနဲ့ အောင်အောင်မြင်မြင် ကျင်းပနိုင်ခဲ့ပြီးဖြစ်ကြောင်းလည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုသည်။
“ဘယ်လိုပဲ နှောင့်ယှက်တိုက်ခိုက်ဖျက်ဆီးမှုများရှိခဲ့ပါစေ။ နိုင်ငံတော်အစိုးရနဲ့ ပါတီစုံဒီမိုကရေစီစနစ်ကို လိုလားတဲ့၊ ထောက်ခံတဲ့ မဲဆန္ဒရှင်ပြည်သူများရဲ့ တက်ညီလက်ညီပူးပေါင်းဆောင်ရွက်ခဲ့တဲ့အတွက် ယခုဆိုရင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးကို နိုင်ငံတကာက ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သူတွေ၊ သံတမန်တွေ၊ သတင်းမီဒီယာသမားများနဲ့ ကိုယ်တိုင်မဲပေးကြတဲ့ မဲဆန္ဒရှင်ပြည်သူများရဲ့ ရှေ့မှောက်မှာ လွတ်လပ်မှု၊ တရားမျှတမှု၊ ပွင်းလင်းမြင်သာမှုရှိရှိနဲ့ အောင်အောင်မြင်မြင် ကျင်းပနိုင်ခဲ့ပြီးဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆက်လက်ပြောကြားသည်။
