




နေမိုး
၂၄. ၁. ၂၀၂၆
ကရင်နယ်ခြားစောင့်တပ်-BGF အဖြစ်မှ ကရင်အမျိုးသားတပ်မတော်-KNA အဖြစ်ပြောင်းလဲသွားသည့် စောချစ်သူတို့၏ KNA တပ်ဖွဲ့များကို မြဝတီမြို့မှ ဇန်နဝါရီ ၂၅ ရက် နောက်ဆုံးထား ထွက်ခွာရန် ညွှန်ကြားထားသည်ဟုလက်နက်ကိုင်နယ်မြေမှ သတင်းဌာနများနှင့် လူမှုကွန်ရက်ပေါ် ပျံ့နှံ့နေသည့် သတင်းများအရ သိရသည်။
မြဝတီမြို့ရှိ လက်နက်ကိုင်တပ်ဖွဲ့အသီးသီး၏ ဆက်ဆံရေးရုံးများနှင့် တပ်မ ၂၂ တပ်မမှူးတို့ ဇန်နဝါရီ (၁၉)ရက်နေ့က တွေ့ဆုံမှုတွင် ထိုသို့ ညွှန်ကြားလိုက်ခြင်းဖြစ်သည်ဟုလည်း ဖော်ပြကြသည်။
လူမှုကွန်ရက်တွင် ပျံ့နှံ့နေသော တပ်မမှူး၏ ညွှန်ကြားစာအရ တပ်ဖွဲ့ဝင်အယောင်ဆောင်သူများ အရေးယူနိုင်ရန် ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်-DKBA ၊ ကရင်ငြိမ်းချမ်းရေးကောင်စီ-PC နှင့် BGF တို့၏ မြဝတီမြို့တွင်းရှိ တပ်ဖွဲ့ဝင်တစ်ဦးချင်းစာရင်းကို ဇန်နဝါရီ(၂၄)ရက် နောက်ဆုံးထား ပို့ဆောင်ရန်၊ KNA အဖြစ် ပြောင်းလဲခြင်းကို နိုင်ငံတော်က ခွင့်မပြုသည့်အတွက် မြဝတီမြို့ပေါ် နေထိုင်ခြင်းခွင့်မပြုရန်၊ မြို့လုံခြုံရေးအတွက် DKBA၊ KNU/KNLA PC စသည့် NCA တပ်ဖွဲ့တို့မှ မြို့လုံခြုံရေး တပ်မတော်နှင့်ပူးပေါင်းဆောင်ရွက်ရန်နှင့် အမှတ် (၂၇၅) တပ်ရင်း တိုက်ခိုက်ခံရပါက ပြန်လည်၍ တုံ့ပြန်ရန် မြဝတီမြို့ပေါ်ရှိ လက်နက်ကိုင်ဆက်နွှယ်နေရာ ၁၈ ခုကို ပွိုင်အဖြစ်သတ်မှတ်ထားသည်ဟု ဖော်ပြထားသည်။
ထိုစာအပေါ် လက်နက်ကိုင်များထံ ဆက်သွယ်စုံစမ်းချက်အရ ညွှန်ကြားချက်ပါအကြောင်းအရာအမှန်ဖြစ်ကြောင်း အတည်ပြုချက်ရရှိခဲ့သည် DKBA ပြောခွင့်ရ ဗိုလ်မှူးကြီးစောဖားဘလဲ့က ပြောသည်ဟုလည်း KNC သတင်းဌာနက ဖော်ပြသည်။
ထို့အပြင် သီးခြားညွှန်ကြားစာအရ KNA လက်မောင်းတံဆိပ်တပ်ဆင်ထားသူများ မြဝတီမြို့အတွင်းမှ မြို့ပြင် တပ်နယ် (၂) သို့ ပြန်လည်နေထိုင်ရေး ဇန်နဝါရီ ၂၅ ရက် နောက်ဆုံးထား ဆောင်ရွက်ရန်လည်း ဖော်ပြထားသည်ကို တွေ့ရပြီး အဆိုပါ ညွှန်ကြားချက်များ မှန်မမှန်ကိုမူ MT News က ဆက်လက် အတည်ပြုနေကာ ထပ်မံသိရှိရသည်များကို ဖော်ပြပေးသွားမည်ဖြစ်သည်။
ပုံစာ။ လူမှုကွန်ရက်ပေါ်ပျံ့နှံ့နေသည့်ညွှန်ကြားစာများနှင့် KNA တို့ပုံရိပ်။
