


သက်တံ့
၂၄. ၁. ၂၀၂၆
အမေရိကန်သမ္မတ ဒေါ်နယ်ဒ် ထရမ့်ပ်အစိုးရ၏ မြန်မာနိုင်ငံသားများအပေါ် “ယာယီအကာအကွယ်ပေးထားသည့် အဆင့်အတန်း” (TPS) ရုပ်သိမ်းမည့် အစီအစဉ်ကို အမေရိကန် ဖက်ဒရယ်တရားသူကြီးတစ်ဦးက သောကြာနေ့တွင် ရပ်ဆိုင်းရန် အမိန့်ချမှတ်လိုက်သည်။
၎င်းရုပ်သိမ်းမှုအပေါ် တရားစွဲဆိုထားသည့် အမှုစစ်ဆေးနေစဉ်အတွင်း ယခုကဲ့သို့ ဆိုင်းငံ့မိန့် ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။
ချီကာဂိုမြို့ရှိ အမေရိကန် ခရိုင်တရားသူကြီး မက်သရူး ကန်နယ်လီ (Matthew Kennelly) ၏ အမိန့်အရ အမေရိကန်တွင် နေထိုင်နေသော မြန်မာနိုင်ငံသား ၄,၀၀၀ ခန့်အား ပြည်နှင်ဒဏ်မှ ကာကွယ်ပေးထားသည့် အစီအစဉ်ကို ထရမ့်ပ်အစိုးရက ရုပ်သိမ်းနိုင်တော့မည် မဟုတ်ဘဲ ဖေဖော်ဝါရီ ၆ ရက်အထိ ယာယီအချိန်တိုးမြှင့်နိုင်ခဲ့သည်။
ဤအမိန့်စာအရ TPS ရပ်စဲမည့်အစီအစဉ်ကို တရားရုံးက ဆိုင်းငံ့လိုက်သဖြင့် TPS ရရှိထားသူများ၏ အလုပ်လုပ်ကိုင်ခွင့်နှင့် နေထိုင်ခွင့် အကာအကွယ်များသည် အပြီးသတ်ဆုံးဖြတ်ချက် အမိန့်မချခင်အထိ ပုံမှန်အတိုင်း ဆက်လက်ရှိနေဦးမည် ဖြစ်သည်။
အမေရိကန် အမိမြေလုံခြုံရေးဝန်ကြီး ခရစ္စတီ နုမ်း (Kristi Noem) ၏ မြန်မာနိုင်ငံသားများအတွက် TPS အဆင့်အတန်းကို ရုပ်သိမ်းရန် ဆုံးဖြတ်ချက်သည် ခိုင်လုံသောအခြေခံ အကြောင်းပြချက် မရှိကြောင်း တရားသူကြီးက ပြောကြားခဲ့သည်။ မူလက လာမည့်တနင်္လာနေ့ (ဇန်နဝါရီ ၂၅ ရက်) တွင် သက်တမ်းကုန်ဆုံးရန် သတ်မှတ်ထားသော်လည်း တရားသူကြီးက ရက်ရွှေ့ဆိုင်းပေးခဲ့ပြီး ဖေဖော်ဝါရီ ၆ ရက်နေ့တွင် ကြားနာပွဲပြုလုပ်ရန် ထပ်မံသတ်မှတ်လိုက်သည်။
ထရမ့်ပ်အစိုးရသည် ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းက မြန်မာနိုင်ငံသားများ၏ ယာယီနေထိုင်ခွင့်ကို ရုပ်သိမ်းတော့မည်ဟု ကြေညာခဲ့သည်။ မြန်မာအစိုးရ၏ ရွေးကောက်ပွဲများကို အထောက်အထားပြ၍ မြန်မာနိုင်ငံ၏ အခြေအနေမှာ တိုးတက်ကောင်းမွန်လာပြီး နေရပ်သို့ ဘေးကင်းစွာ ပြန်နိုင်ပြီဟု အကြောင်းပြခဲ့သည်။
သို့သော်လည်း ကုလသမဂ္ဂ၊ အနောက်နိုင်ငံများနှင့် လူ့အခွင့်အရေးအဖွဲ့များက ထိုရွေးကောက်ပွဲကို လက်မခံကြောင်း ဝေဖန်ခဲ့ကြသည်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန၏ နောက်ဆုံးထုတ် လူ့အခွင့်အရေးအစီရင်ခံစာတွင်လည်း မြန်မာနိုင်ငံ၌ “ကြီးလေးသော လူ့အခွင့်အရေး ချိုးဖောက်မှုများ” ရှိနေကြောင်း ဖော်ပြထားသည်။
၂၀၂၁ ခုနှစ် အာဏာထိန်းသိမ်းမှုနောက်ပိုင်း မြန်မာနိုင်ငံတွင် နိုင်ငံရေးမငြိမ်မသက်မှုများနှင့် လက်နက်ကိုင်ပဋိပက္ခများ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဖြစ်ပွားနေသည့်အတွက် နေရပ်ပြန်ရမည့်သူများ၏ ဘေးကင်းရေးအပေါ် စိုးရိမ်မှုများ မြင့်တက်နေသည်။
တရားသူကြီး ကန်နယ်လီက “ဝန်ကြီးရဲ့ လုပ်ဆောင်ချက်မှာ ခိုင်လုံတဲ့ အကြောင်းပြချက် မတွေ့ရပါဘူး။ ဒီဆုံးဖြတ်ချက်ဟာ မြန်မာနိုင်ငံရဲ့ အခြေအနေပြောင်းလဲမှုအပေါ် မူတည်တာထက်၊ လူဝင်မှုကြီးကြပ်ရေးကို ကန့်သတ်ချင်တဲ့ ဝန်ကြီးရဲ့ မူဝါဒအပေါ်မှာပဲ အခြေခံနေပုံရပါတယ်” ဟု အမိန့်တွင် ရေးသားထားသည်။
၂၀၂၅ ခုနှစ်တွင် အာဏာရလာသည့် သမ္မတ ဒေါ်နယ်ဒ်ထရမ့်ပ်သည် လူဝင်မှုကြီးကြပ်ရေးနှင့် ပတ်သက်၍ ပြင်းထန်သော မူဝါဒများကို ကျင့်သုံးနေပြီး လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများကလည်း ယင်းအပေါ် ဝေဖန်ပြစ်တင်နေကြသည်။
လက်ရှိ အမေရိကန် ဖက်ဒရယ်ဥပဒေအရ TPS အဆင့်အတန်းကို သဘာဝဘေးအန္တရာယ်၊ လက်နက်ကိုင်ပဋိပက္ခ သို့မဟုတ် ထူးခြားသော အခြေအနေများနှင့် ရင်ဆိုင်နေရသည့် နိုင်ငံများမှ ပြည်သူများအတွက် အလုပ်လုပ်ကိုင်ခွင့်နှင့် ပြည်နှင်ဒဏ်မှ ကာကွယ်ခွင့်အဖြစ် ပေးအပ်ထားခြင်း ဖြစ်သည်။
Ref – Reuters
