

၂၄.၁.၂၀၂၆
Translated by Htwe Ko Tun
နယူးဇီလန်နိုင်ငံ မြောက်ကျွန်းပေါ်ရှိ လူစည်ကားသော စခန်းချရာနေရာတစ်ခုတွင် ဇန်နဝါရီလ ၂၂ ရက်က ဖြစ်ပွားခဲ့သော မြေပြိုမှုတွင် ညတွင်းချင်း ရှာဖွေမှုများ၌ ရုပ်ကြွင်းများကို တွေ့ရှိပြီးနောက် အသက်ရှင်ကျန်ရစ်သူ မရှိနိုင်ဟု ရဲတပ်ဖွဲ့က ဇန်နဝါရီလ ၂၄ ရက် တွင် ပြောကြားခဲ့သည်။
ကျွန်း၏ အရှေ့ဘက် ကမ်းရိုးတန်းရှိ မွန်ဂါနျူ တောင်ကုန်း၌ ဇန်နဝါရီလ ၂၂ ရက်က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေပြိုမှုဖြစ်ပွားခဲ့ပြီး ဆယ်ကျော်သက်နှစ်ဦး အပါအဝင် လူခြောက်ဦး ပျောက်ဆုံးနေကြောင်း သိရသည်။ တော်ရန်ဂါမြို့ရှိအဆိုပါမြေပြိုသည့်နေရာမှာ နွေရာသီအားလပ်ရက် များတွင် ပြည့်ကျပ်နေခဲ့သည်။
ယခုအခါ ကယ်ဆယ်ရေးလုပ်ငန်းများကို ရပ်တန့်ထားပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို စတင် လုပ်ဆောင်နေကြောင်း ရဲတပ်ဖွဲ့မှူး တင်မ် အန်ဒါဆန် က ပြောကြားခဲ့သည်။
၎င်းက”ကျွမ်းကျင်သူများ၏အဆိုအရ တစ်စုံတစ်ယောက် အသက်ရှင်ကျန်ရစ်နိုင်ခြေမှာ အလွန်နည်းပါးသော်လည်း ၎င်းကိုအဆုံးစွန်မှန်ကန်သည်ဟု ငြင်းဆို၍မရပါ” ဟု မွန်ဂါနျူ တောင်ကုန်း၌ သတင်းထောက်များအား ပြောကြားခဲ့သည်။
ဇန်နဝါရီလ ၂၂ ရက်တွင် ပထမဆုံးတုန့်ပြန်သူများ၏ အသံများကို ကြားခဲ့ရသည်မှစ၍ အပျက်အစီးများကြားမှ အသက်ရှင်ကျန်ရစ်သည့် လက္ခဏာများထပ်မံ မတွေ့ရှိရကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ ပျောက်ဆုံးနေသူများထဲတွင် အငယ်ဆုံးမှာ အသက် ၁၅ နှစ်သာရှိသေးကြောင်း သိရသည်။
ဝန်ကြီးချုပ် ခရစ္စတိုဖာ လူဆွန်က “ကျွန်တော်တို့အားလုံး စိုးရိမ်နေတဲ့ သတင်းကို လက်ခံရရှိရတာ အလွန်ဝမ်းနည်းစရာပါပဲ၊ ချစ်ရသူတွေကို ဆုံးရှုံးခဲ့ရတဲ့ မိသားစုတွေအတွက် နယူးဇီလန် နိုင်ငံသားတိုင်းဟာ ခင်ဗျားတို့နဲ့အတူ ဝမ်းနည်းကြေကွဲနေကြပါတယ်” ဟု X လူမှုကွန်ရက်၌ ရေးသားခဲ့သည်။
လူဆွန်က ဇန်နဝါရီလ ၂၃ ရက်တွင် အခင်းဖြစ်ပွားရာနေရာသို့ သွားရောက်ခဲ့ပြီး ပျောက်ဆုံး ထိခိုက်နေသော မိသားစုများနှင့် တွေ့ဆုံခဲ့သည်။
Ref- Bangkok Post
