





နေမိုး
၁၆. ၁. ၂၀၂၆
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့က မင်္ဂလာပွဲတစ်ခုမှာ သီဆို ဖျော်ဖြေပေးဖို့အတွက်ဆိုပြီး အဆိုတော် ရှင်မင်းမြတ်ကို ကျားဖြန့်ဂိုဏ်းက လိမ်လည်ငှားရမ်းကာ ပြန်ပေးဆွဲ ရိုက်နှက် နှိပ်စက်ပြီး ကျပ်သိန်း ၃၀၀၀ ကျော် ငွေညှစ်တောင်းခံခြင်း ခံခဲ့ရတယ်လို့ အဆိုတော်ရှင်မင်းမြတ်က သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကတစ်ဆင့် ဖွင့်ချရေးသားခဲ့ပါတယ်။
ဖြစ်စဉ်က အဆိုတော်ရှင်မင်းမြတ်ဟာ မူဆယ်မြို့က မင်္ဂလာဆောင်တစ်ခုမှာ ဖျော်ဖြေဖို့ ငှားရမ်းခံရလို့ ဇန်နဝါရီ ၄ ရက်က မန္တလေးမြို့ကို မိတ်ဆွေတစ်ဦးနဲ့အတူ သွားရောက်ခဲ့ရာ Magic ဟိုတယ်မှာ တည်းခိုခိုင်းခဲ့ကာ ဇန်နဝါရီ ၅ ရက်မှာ မူဆယ်မြို့ဆီကားနဲ့ ခေါ်ဆောင်ခြင်းခံခဲ့ရပြီး ဟော်ရှင်းဟိုတယ်မှာ တည်းခဲ့ရကြောင်း၊ မူဆယ်မြို့ ရောက်ရှိချိန် ဇန်နဝါရီ ၆ ရက်မှာ ပွဲကျင်းပမယ့်နေရာကြည့်ရှုပြင်ဆင်ဖို့သွားလိုကြောင်း ပြောလို့ လူ လေးဦးက လာရောက်ခေါ်ဆောင်ခဲ့ပြီး အဲဒီ လူလေးဦးအနက် တစ်ဦးက ပြည်သူ့စစ်၊ ကျန်နှစ်ဦးက ယူနန် (တရုတ်)-မြန်မာစကားပြောနိုင်သူ၊ ကျန်တစ်ဦးက ကိုးကန့်လူမျိုးဖြစ်တယ်လို့ တိုင်စာမှာ ဖော်ပြထားပါတယ်။
အဆိုပါ လူ ၄ ဦးနဲ့အတူ ပွဲကျင်းပရာနေရာသွားရောက်ကြည့်ရှုဖို့ ကားတစ်စီးနဲ့ထွက်ခွာလာချိန် လူပြတ်တဲ့နေရာ အရောက် အပေါ့သွားမယ်အကြောင်းပြ ကားပေါ်က ဆင်းခိုင်းပြီး ဦးခေါင်းကို အမည်းရောင်အိတ်နဲ့စွပ်ကာ လက်ကိုချည်နှောင်ပြီး ကျားဖြန့် လိမ်လည်မှုဂိုဏ်းတစ်ခုဆီ ခေါ်ဆောင်သွားတာ ခံခဲ့ရတယ်လို့ အဆိုတော်ရှင်မင်းမြတ်ရဲ့ ရဲစခန်းထံတိုင်ကြားစာမှာထည့်သွင်းဖော်ပြထားတာကို တွေ့ရပါတယ်။



ပြန်ပေးအဆွဲခံရပြီးနောက် ကျပ်သိန်း ၇၀၀၀ စတင်တောင်းဆိုခဲ့ကြောင်း၊ နောက်ပိုင်းမှာ ကျပ်သိန်း ၆၀၀၀ သို့ လျှော့ချပြီး ဇန်နဝါရီ ၆ ရက်မှာ ငွေအပြည့်ရဖို့ တောင်းဆိုခဲ့ကြောင်း၊ ငွေအပြည့်မစုဆောင်းနိုင်လို့ သေနတ်ပြခြိမ်းခြောက်ကာ နှိပ်စက်ခဲ့ကြောင်း၊ ဒါ့အပြင် Wechat ကို ဖွင့်စေကာ မိတ်ဆွေတစ်သောင်းကျော်ထံက ငွေချေးဖို့ အတင်းအကြပ် ခိုင်းစေခဲ့ကြောင်း၊ အဲဒီလိုငွေချေးရာမှာ ကျပ်သိန်း ၅၀၀ ချေးယူနိုင်ခဲ့ပေမဲ့ ကျားဖြန့်အဖွဲ့က မကျေနပ်ဘဲ ဆက်လက်နှိပ်စက်ခဲ့ကြောင်း၊ ချေးလို့ရတဲ့ငွေတွေကို ရှင်မင်းမြတ်ရဲ့ Kpay အကောင့်နဲ့ ဘဏ်အကောင့်တွေနဲ့ လက်ခံစေကာ ရရှိတာနဲ့ ချက်ချင်း အခြားအကောင့်တွေကို လွှဲပြောင်းစေခဲ့ကြောင်း၊ နောက်ပိုင်းမှာ ကျပ်သိန်း ၆၀၀၀ ကျော် မရှာနိုင်ဘူးလို့ ကျားဖြန့်အဖွဲ့က မြင်လာလို့ နောက်ဆုံးမှာ ကျပ်သိန်း ၃၀၀၀ ပေးနိုင်ရင် လွှတ်ပေးမှာဖြစ်ပြီး မပေးနိုင်ရင် သတ်ပစ်မယ်လို့ ခြိမ်းခြောက်ခဲ့ကြောင်း၊ မိသားစုနဲ့ မိတ်ဆွေတွေရဲ့ ကူညီမှုကြောင့် ကျပ်သိန်း ၃၀၀၀ ကျော် ပေးအပ်ခဲ့ရကြောင်းနဲ့ ဒီလိုပေးအပ်ပြီးမှ ဇန်နဝါရီ ၉ ရက် နံနက် ၅ နာရီခွဲအချိန်မှ မူဆယ်မြို့ လူမရှိတဲ့လမ်းကြားမှာ ပစ်ချထားခဲ့ပြီး မှတ်ပုံတင်နဲ့ ကျပ် ၁၀ သိန်းကိုပဲ ပြန်ပေးခဲ့တယ်လို့ တိုင်ကြားစာမှာ ဆက်လက်ဖော်ပြထားပါတယ်။
ရှင်မင်းမြတ်နဲ့ မိတ်ဆွေဖြစ်သူတို့ကို မလွှတ်ပေးမီညကလည်း သူတို့ ၂ ဦးကို အတွင်းခံ မဝတ်ခိုင်းဘဲ ကိုယ်လုံးတီး ဗီဒီယိုရိုက်ကူးကာ ကျပ်သိန်း ၃၀၀၀ ကို ကျားဖြန့် အဖွဲ့လုပ်သူတွေဆီက ငွေချေးယူထားပါတယ်ဆိုတဲ့စကားကို ထည့်သွင်းပြောကြားစေခဲ့ကြောင်း၊ အပြင်သို့ရောက်ရှိချိန်မှာ အမှန်အတိုင်းပြောကြားတာ၊ ရဲတပ်ဖွဲ့ထံ တိုင်ကြားတာတွေလုပ်ရင် ဗီဒီယိုကို အွန်လိုင်းမှာဖြန့်မယ်လို့ ခြိမ်းခြောက်ခဲ့ကြောင်း တိုင်ကြားစာမှာ ရေးသားထားတာ တွေ့ရှိရပါတယ်။
ရှင်မင်းမြတ်က Underground to Stage အစီအစဥ်ကို ဝင်ပြိုင်ရင်း လူသိစပြုလာသူဖြစ်ပြီး လက်ရှိမှာတော့ ရိုက်နှက်ငွေညှစ်ခံရတဲ့ သူ့ဖြစ်စဥ်ကို မန္တလေးဆေးရုံကြီးမှာ ဆေးစစ်ပြီး မှုခင်းရဲတပ်ဖွဲ့ထံ တိုင်ကြားအမှုဖွင့်ခဲ့တယ်လို့လည်း သိရပါတယ်။ ဒါပေမဲ့လည်း လတ်တလောအခြေအနေမှာ မီဒီယာသမားတွေကို မဖြေလိုသေးတဲ့အကြောင်းကိုလည်း ရှင်မင်းမြတ်က “စိုးရိမ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျား။ လောလောဆယ်မှာ မီဒီယာတွေနဲ့ မျက်နှာချင်းဆိုင် အင်တာဗျူးတွေကို လက်မခံသေးပါဘူး။ နားလည်ပေးမယ်လို့ မျှော်လင့်ပါတယ်🙏” လို့ အသိပေးထားပါတယ်။
ပုံစာ။ ရှင်မင်းမြတ်က လူမှုကွန်ရက်တွင် ဖော်ပြခဲ့မှုပွုရိပ်များ။
