



၁၆.၁.၂၀၂၆.
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စု သမ္မတ ဒေါ်နယ်ဒ် ထရမ့်ပ် က မင်နီဆိုတာပြည်နယ်အတွင်း နိုင်ငံရေးသမားတွေက ဥပဒေကို မလိုက်နာကြရင် သူ့အနေ့နဲ့ ပုန်ကန်မှုအက်ဥပဒေကို ပြဋ္ဌာန်းသွားမယ်လို့ ဇန်နဝါရီလ ၁၅ ရက်က ပြောကြားခဲ့ပါတယ်။
ပြည်နယ်အတွင်း မင်နီးစ်ပိုလီးစ်မြို့ လမ်းတွေပေါ်မှာ လူဝင်မှုကြီးကြပ်ရေးအေးဂျင့်တွေ တိုးပွားလာတဲ့ အပေါ် ရက်ပေါင်းများစွာ ဒေါသထွက်နေတဲ့ ဆန္ဒပြမှုတွေအပြီးမှာတော့ သမ္မတ ဒေါ်နယ်ဒ် ထရမ့်ပ်က မင်နီဆိုတာပြည်နယ်မှာ စစ်ဘက်တပ်ဖွဲ့တွေ ချထားဖို့အတွက် ပုန်ကန်မှုအက်ဥပဒေကို အသုံးချမယ်လို့ ဇန်နဝါရီလ ၁၅ ရက် မှာ ခြိမ်းခြောက်ခဲ့တာပါ။
လူဝင်မှုကြီးကြပ်ရေးနှင့်အကောက်ခွန်ဌာနမှ အေးဂျင့်တစ်ဦးက မင်နီးစ်ပိုလီးစ်မြို့မှာလွန်ခဲ့တဲ့ ရှစ်ရက်က အမေရိကန်နိုင်ငံသား ရီနီးဂွတ် ဆိုသူကို ပစ်သတ်ပြီးနောက်မှာ ဒေသခံတွေနဲ့ ပြည်ထောင်စုအရာရှိတွေအကြား ထိပ်တိုက်ရင်ဆိုင်မှုတွေက ပိုမိုတင်းမာလာပြီး ဆန္ဒပြမှုတွေက အခြားမြို့တွေကိုပါ ပျံ့နှံ့သွားခဲ့ပါတယ်။
မင်နီးစ်ပိုလီးစ်မြို့ မှာ အေးဂျင့်တွေက သူ့ရဲကားကို ရပ်တန့်ဖို့ ကြိုးစားပြီးနောက် ထွက်ပြေးခဲ့တယ်လို့ အစိုးရကပြောခဲ့တဲ့ ဗင်နီဇွဲလားနိုင်ငံသားတစ်ဦးကို လူဝင်မှုကြီးကြပ်ရေးအရာရှိတစ်ဦးက ပစ်သတ်ခဲ့ပြီးနောက် နာရီအနည်းငယ်အကြာမှာ ထရမ့်ပ်ရဲ့နောက်ဆုံးခြိမ်းခြောက်မှု ထွက်ပေါ်လာခဲ့တာပါ။
ထရမ့်ပ်က “မင်နီဆိုတာပြည်နယ်က အဂတိလိုက်စားတဲ့ နိုင်ငံရေးသမားတွေက ဥပဒေကို မလိုက်နာတဲ့အပြင်၊ လှုံ့ဆော်သူတွေနဲ့ ပုန်ကန်သူတွေက သူတို့အလုပ်ကိုသူတို့ လုပ်ဖို့ကြိုးစားနေတဲ့ ICE ရဲ့ မျိုးချစ်တွေကို တိုက်ခိုက်တာကို မရပ်တန့်ဘူးဆိုရင် ကျွန်တော့အနေနဲ့ ပုန်ကန်မှုအက်ဥပဒေကို ပြဋ္ဌာန်းမှာပါ” လို့ လူမှုမီဒီယာမှာ ရေးသားခဲ့ပါတယ်။
မင်နီဆိုတာပြည်နယ်မှာ လူဝင်မှုကြီးကြပ်ရေးနှိမ်နင်းမှုကို ရပ်တန့်ဖို့ တောင်းဆိုချက်အပေါ် တရားစီရင်ရေးဆိုင်ရာ ချက်ချင်းဆုံးဖြတ်ချက် မရှိပါဘူး။ ရီပတ်ဘလီကန်တစ်ဦးဖြစ်တဲ့ ထရမ့်ပ်ဟာ ပြည်နယ်ရဲ့ ဒီမိုကရက်တစ်ခေါင်းဆောင်တွေကို ရက်သတ္တပတ်ပေါင်းများစွာ လှောင်ပြောင်မှုပြုခဲ့ပြီး အဲဒီဒေသက ဆိုမာလီအသိုင်းအဝိုင်းကို “အမှိုက်” တွေလို့ ခေါ်ဝေါ်ခဲ့သလို နိုင်ငံကနေ “နှင်ထုတ်” သင့်တယ်လို့ ပြောခဲ့ပါတယ်။
သူက မင်နီးစ်ပိုလီးစ်ဒေသကို ပြည်ထောင်စုအရာရှိ ၃,၀၀၀ နီးပါး စေလွှတ်ခဲ့ရာမှာ အရာရှိတွေက မြို့ရဲ့ ရေခဲဖုံးလွှမ်းနေတဲ့ လမ်းတွေတစ်လျှောက် သေနတ်တွေကို ကိုင်ဆောင်ကာ စစ်တပ်ပုံစံ ပုံဖျက်ထားတဲ့ဝတ်စုံတွေနဲ့ မျက်နှာဖုံးတွေကို ဝတ်ဆင်ထားကြပါတယ်။
အေးဂျင့်တွေအနေနဲ့ဒေသခံတွေရဲ့ ဆူညံပြီး ဒေါသထွက်နေတဲ့ ဆန္ဒပြမှုတွေ၊ တချို့က လေချွန်သံတွေ မှုတ်တာ ဒါမှမဟုတ် တမ်ဘူရင်ခေါ် ခြူတပ်ဗုံတွေ တီးခတ်တာတွေကို မကြာခဏ ရင်ဆိုင်ခဲ့ရပါတယ်။
အေးဂျင့်တွေဟာ ရွှေ့ပြောင်းနေထိုင်သူတွေနဲ့ ဆန္ဒပြသူတွေကို ဖမ်းဆီးခဲ့ပြီး တစ်ခါတစ်ရံမှာ ကားပြတင်းပေါက်မှန်တွေကို ရိုက်ခွဲပြီး လူတွေကို ကားတွေကနေ ဆွဲထုတ်တာတွေ၊ လူမည်းနဲ့ လက်တင်အမေရိကန်နိုင်ငံသားတွေကို ရပ်တန့်ပြီး မှတ်ပုံတင်တောင်းဆိုမှုတွေပြုလုပ်ခဲ့ကြလို့ နေရာ အတော်များများမှာ အော်ဟစ်ဝေဖန်ခံခဲ့ရပါတယ်။
Ref : CNA
