◾️ ITD က တရုတ်-ထိုင်း ချိတ်ဆက်မည့် BRI ရထားလမ်းပိုင်းကို အကောင်အထည်ဖော်နေသည့် ကုမ္ပဏီဖြစ်ပြီး မြန်မာနိုင်ငံတွင်လည်း ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းကို လုပ်ပိုင်ခွင့်ရရှိဖူးခဲ့
သက်တံ့
၁၆. ၁. ၂၀၂၆
ထိုင်းနိုင်ငံတွင် အခြေခံအဆောက်အအုံ တည်ဆောက်ရေးလုပ်ငန်းခွင်များ၌ လူသေဆုံးမှုများပြားသော မတော်တဆမှုများ ဆက်တိုက်ဖြစ်ပွားခဲ့ပြီးနောက် အီတာလျံ-ထိုင်း (ITD) ကုမ္ပဏီနှင့် ချုပ်ဆိုထားသော တည်ဆောက်ရေးစာချုပ်များကို ဖျက်သိမ်းရန်နှင့် အဆိုပါကုမ္ပဏီအား နာမည်ပျက်စာရင်း (Blacklist) သွင်းရန် ဝန်ကြီးချုပ် အနုတင် ချန်ဗီရာကူးလ်က ပို့ဆောင်ရေးဝန်ကြီးဌာနကို အမိန့်ပေးလိုက်သည်။
ပြည်သူလူထု၏ ပြင်းထန်သော ဝေဖန်ကန့်ကွက်မှုများ ထွက်ပေါ်လာစေခဲ့သည့် ဖြစ်စဉ်နှစ်ခုကြောင့် ITD ကို ယခုကဲ့သို့ ပြတ်သားစွာ အရေးယူရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ အဆိုပါဖြစ်စဉ်များမှာ ဇန်နဝါရီ ၁၄ ရက်က နခွန်ရက်ချာစီးမားပြည်နယ်၊ ကိုရတ်မြို့၌ ခရီးသည်တင်ရထားပေါ်သို့ တည်ဆောက်ရေးကရိန်း ပြိုကျပြီး အနည်းဆုံး လူ ၃၂ ဦးသေဆုံးက ၆၆ ဦး ဒဏ်ရာရခဲ့သည့်ဖြစ်စဉ်နှင့် ဇန်နဝါရီ ၁၅ ရက်က စမွတ်စခွန်ပြည်နယ်၊ ရာမ (၂) လမ်းမပေါ်တွင် ဖြစ်ပွားခဲ့ပြီး လူနှစ်ဦးသေဆုံးမှုနှင့် လူအများအပြားဒဏ်ရာရရှိခဲ့သည့် ကရိန်းမတော်တဆမှုတို့ ဖြစ်ပြီး ၎င်းစီမံကိန်းနှစ်ခုလုံးကို ITD ကုမ္ပဏီက တာဝန်ယူ ဆောင်ရွက်နေခြင်း ဖြစ်သည်။

ထိုဖြစ်စဉ်များကြောင့် တည်ဆောက်ရေးလုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေး စံနှုန်းများနှင့် ကန်ထရိုက်တာ၏ တာဝန်ယူမှု၊ တာဝန်ခံမှုအပေါ် ဝေဖန်မှုများ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာပြီးနောက် အစိုးရက ယခုကဲ့သို့ လျင်မြန်စွာ တုံ့ပြန်ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။
အနုတင်က သတင်းထောက်များကို ပြောကြားရာ၌ ပို့ဆောင်ရေးဝန်ကြီးဌာနအနေဖြင့် အဆိုပါစီမံကိန်းနှစ်ခုနှင့် ပတ်သက်သော ITD ၏ စာချုပ်များကို ရုပ်သိမ်းသွားမည်ဖြစ်ကြောင်း၊ ပြည်သူလူထုအား ထပ်မံအန္တရာယ်မပြုနိုင်စေရန် ဥပဒေကြောင်းအရ အရေးယူနိုင်သမျှ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ကန်ထရိုက်တာအား နာမည်ပျက်စာရင်းသွင်းခြင်းသည် ပြည်သူ့ယုံကြည်မှု ပြန်လည်ရရှိစေရန်နှင့် ထိုင်းနိုင်ငံ၏ နိုင်ငံတကာပုံရိပ်ကို ကာကွယ်ရန် လိုအပ်ခြင်းကြောင့်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

ထို့အပြင် ယမန်နှစ် မတ်လ ၂၈ ရက်က ဖြစ်ပွားပြီး လူရာချီသေဆုံးခဲ့သော ဘန်ကောက်မြို့ရှိ စာရင်းစစ်ချုပ်ရုံး (OAG) အဆောက်အအုံ ပြိုကျမှုတွင်လည်း ITD နှင့် China Railway Engineering Corporation တို့ ပူးတွဲတာဝန်ယူထားသဖြင့် အဆိုပါစာချုပ်ကိုလည်း ဖျက်သိမ်းရန် ၎င်းက တိုက်တွန်းထားသည်။
ထိုသို့ ITD ကို ပယ်ဖျက်အပြီး စီမံကိန်းများ ဆက်လက်လုပ်ဆောင်နိုင်ရန်အတွက် ကန်ထရိုက်တာအသစ်များကို တင်ဒါပြန်ခေါ်သွားမည်ဖြစ်ကြောင်းနှင့် တင်ဒါပြန်ခေါ်ရခြင်းကြောင့် ကုန်ကျစရိတ် ပိုမိုလာပါက ITD ကုမ္ပဏီထံမှ လျော်ကြေးတောင်းခံပိုင်ခွင့် အစိုးရတွင်ရှိကြောင်း အနုတင်က ဆိုသည်။
ထို့အပြင် အခြေခံအဆောက်အအုံ စီမံကိန်းကြီးများတွင် ၎င်း၏ ဘွန်မ်ဂျိုင်ထိုင်းပါတီ (Bhumjaithai Party) က တရုတ်ကျောထောက်နောက်ခံပြု ကန်ထရိုက်တာများကို မျက်နှာသာပေးသည်ဆိုသော စွပ်စွဲချက်များကိုလည်း အနုတင်က ငြင်းဆိုခဲ့သည်။ တည်ဆောက်ရေးသဘောတူညီချက်အားလုံးသည် အစိုးရအဖွဲ့တစ်ခုလုံး၏ အတည်ပြုချက်ဖြင့် ဆောင်ရွက်ခြင်းဖြစ်ပြီး ဥပဒေနှင့်အညီ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ရှင်းလင်းခဲ့သည်။

လာမည့် ဖေဖော်ဝါရီလတွင် ထိုင်းနိုင်ငံ အထွေထွေရွေးကောက်ပွဲ ကျင်းပရန် နီးကပ်နေပြီဖြစ်သဖြင့် အဆိုပါဝေဖန်မှုများသည် နိုင်ငံရေးအရ တိုက်ခိုက်မှုများသာ ဖြစ်နိုင်ကြောင်းလည်း ၎င်းက မှတ်ချက်ပြုခဲ့သည်။
ITD ကုမ္ပဏီသည် လူသေဆုံးမှုများပြားခဲ့သော တရုတ်နိုင်ငံ၏ Belt and Road Initiative (BRI) စီမံကိန်းနှင့် ဆက်နွှယ်သည့် အဆိုပါ စီမံကိန်းများကို လုပ်ဆောင်နေသည့် ကုမ္ပဏီဖြစ်သလို မြန်မာနိုင်ငံတွင်လည်း ဆယ်စုနှစ် နှစ်ခုကြာအောင် မအောင်မမြင်ဖြစ်နေသည့် ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းကို အကောင်အထည်ဖော်ခွင့်ရရှိခဲ့သော်လည်း လုပ်ပိုင်ခွင့်ရုပ်သိမ်းခံခဲ့ရသည့် ကုမ္ပဏီလည်းဖြစ်ခဲ့သည်။
Ref : The Thaiger
