သက်တံ့
၁၆. ၁. ၂၀၂၆
ထိုင်းနိုင်ငံ၊ ပတ္တရားမြို့ရှိ ဟိုတယ်ခန်းတစ်ခုအတွင်း ရုရှားနိုင်ငံသား ဆရာဝန်တစ်ဦး သေဆုံးနေသည်ကို ယခု ဇန်နဝါရီလအစောပိုင်းက တွေ့ရှိခဲ့ပြီးနောက် ၎င်းသေဆုံးမှုမှာ လမ်းမပေါ်တွင် ဖြစ်ပွားခဲ့သည့် အဓမ္မပြုကျင့်ရန် ကြံစည်မှုတစ်ခုကို မြင်တွေ့ခဲ့ရခြင်းနှင့် ဆက်စပ်မှုရှိနိုင်ကြောင်း အာဏာပိုင်များက ယူဆကာ စုံစမ်းစစ်ဆေးလျက်ရှိသည်ဟု The Thaiger က ယနေ့ဖော်ပြသည်။
သေဆုံးသူမှာ ရုရှားနိုင်ငံ၊ ကရာစနိုယာ့စ် (Krasnoyarsk) မြို့မှ အသက် ၄၁ နှစ်အရွယ် ကင်ဆာအထူးကုဆရာဝန် ဘောရစ် တူတူနီကို့ဗ် (Boris Tyutyunikov) ဖြစ်ပြီး ၎င်းသည် ဇန်နဝါရီလအစောပိုင်းက ထိုင်းနိုင်ငံသို့ ရောက်ရှိလာကာ ဂျွန်တီယန် (Jomtien) ကမ်းခြေရှိ ဟိုတယ်တစ်ခုတွင် တည်းခိုခဲ့ခြင်းဖြစ်သည်။ ၎င်းသည် ရောက်ရှိသည့်နေ့ကစ၍ပင် တည်းခိုရာနေရာမှ ဝန်ထမ်းများနှင့် အဆက်အသွယ်ပြတ်တောက်သွားခဲ့ပြီး သွားလာစားသောက်မှုမပြုခြင်းနှင့် ဟိုတယ်အခန်းအတွင်းမှ ထွက်မလာခြင်းတို့ကို ဟိုတယ်ဝန်ထမ်းများက သတိပြုမိရာမှ ရဲတပ်ဖွဲ့သို့ အကြောင်းကြားခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် နောက်တစ်နေ့တွင် ရဲတပ်ဖွဲ့ဝင်များက အခန်းအတွင်း ဝင်ရောက်စစ်ဆေးရာ ဘောရစ်၏ ရုပ်အလောင်းကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း Thailand THB သတင်းဌာနက ဖော်ပြသည်။ မှုခင်းဆရာဝန်များ၏ အတည်ပြုချက်အရ ၎င်းသည် တိုက်ခိုက်ခံရမှုကြောင့် ရရှိသော ဒဏ်ရာများဖြင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အခင်းဖြစ်ပွားရာ ဟိုတယ်အခန်းအတွင်း၌ ရုန်းရင်းဆန်ခတ်ဖြစ်ပွားထားသည့် လက္ခဏာများ တွေ့ရှိရသော်လည်း ၎င်း၏ ပိုင်ဆိုင်မှုများ၊ ငွေကြေး၊ စာရွက်စာတမ်းနှင့် တန်ဖိုးကြီးပစ္စည်းများ တစ်စုံတစ်ရာ ပျောက်ဆုံးခြင်းမရှိသဖြင့် လုယက်မှုကြောင့် သတ်ဖြတ်ခြင်းမဟုတ်နိုင်ကြောင်း ယူဆရသည်။
သေဆုံးသူ ဘောရစ်၏ မိခင်ဖြစ်သူ၏ သက်သေထွက်ဆိုချက်အရ ၎င်းသည် မသေဆုံးမီအချိန်လေးတွင် မိခင်ဖြစ်သူနှင့် ဖုန်းပြောဆိုခဲ့ရာ၌ လမ်းမပေါ်၌ အမျိုးသမီးတစ်ဦးအား အဓမ္မပြုကျင့်ရန် ကြိုးပမ်းနေမှုကို မြင်တွေ့ခဲ့ရကြောင်း ပြောကြားခဲ့သည်ဟု ဆိုသည်။ ထိုစဉ်က ဆရာဝန်ဖြစ်သူက ကြားဝင်တားဆီးခဲ့ခြင်း သို့မဟုတ် ကျူးလွန်သူက ၎င်းကို သတိပြုမိသွားခြင်းတို့ကြောင့် တိုက်ခိုက်ခံရခြင်း ဖြစ်နိုင်ကြောင်း ယူဆရပြီး လက်ရှိတွင် ရဲတပ်ဖွဲ့က ထိုအချက်ကို အဓိကထား စုံစမ်းနေသည်။
ထို့နောက် ထိုင်းရဲတပ်ဖွဲ့သည် CCTV မှတ်တမ်းများကို စစ်ဆေးခြင်း၊ ဟိုတယ်ဝန်ထမ်းများကို မေးမြန်းခြင်းနှင့် ဘောရစ်ပြောခဲ့သော အဓမ္မပြုကျင့်ရန်ကြိုးစားခံရသူဆိုသည့် အမျိုးသမီးကို ရှာဖွေခြင်းများ ဆောင်ရွက်လျက်ရှိသော်လည်း သံသယရှိသူကိုမူ အမည်တပ်ထုတ်ပြန်နိုင်ခြင်း မရှိသေးပေ။
ဘန်ကောက်မြို့ရှိ ရုရှားသံရုံးသည် စုံစမ်းစစ်ဆေးမှုများတွင် ပါဝင်ကူညီပေးနေပြီး မိသားစုဝင်များကိုလည်း ပံ့ပိုးကူညီလျက်ရှိသည်။ ဆရာဝန်၏ အသက်အာမခံမှာ ရာဇဝတ်မှုနှင့် ပတ်သက်ပါက အကျုံးမဝင်သဖြင့် ၎င်း၏ ရုပ်အလောင်းကို ရုရှားနိုင်ငံသို့ ပြန်လည်သယ်ဆောင်နိုင်ရန် လုပ်ဖော်ကိုင်ဘက်များနှင့် လူနာများက ရန်ပုံငွေရှာဖွေပေးခဲ့ရာ ၂၄ နာရီအတွင်း လိုအပ်သော ငွေကြေးပမာဏကို ရရှိခဲ့ကြောင်း သိရသည်။
ယခုဖြစ်စဉ်နှင့် တစ်ဆက်တည်းမှာပင် ပတ္တရားသို့ ရောက်ရှိနေသည့် အခြားရုရှားအမျိုးသမီးတစ်ဦးသည်လည်း ဇန်နဝါရီ ၇ ရက်ကတည်းက ပျောက်ဆုံးနေသော ၎င်း၏သားဖြစ်သူကို ရှာဖွေလျက်ရှိသည်။ ၎င်း၏ သားဖြစ်သူမှာ ဆေးခြောက်လုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံရန်အတွက် အခြားရုရှားနိုင်ငံသားနှစ်ဦးနှင့် တွေ့ဆုံရန် အမေရိကန်ဒေါ်လာ ၁၀,၀၀၀ ယူဆောင်သွားပြီးနောက် ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်သည်။ ၎င်းသည် မိမိ၏ လုံခြုံရေးအတွက် စိုးရိမ်ရကြောင်း မိခင်ဖြစ်သူထံ နောက်ဆုံးတည်နေရာ (Live Location) ပေးပို့ပြီးနောက် အဆက်အသွယ်ပြတ်တောက်သွားခြင်း ဖြစ်ကြောင်း သိရသည်။
Ref : The Thaiger
