◾️ မူလတန်းကျောင်း မြေအကျယ် ၃ ဧကမှ ၅ ဧကအတွင်း၊ အလယ်တန်းကျောင်း မြေအကျယ် ၅ ဧကမှ ၇ ဧကအတွင်းနှင့် အထက်တန်းကျောင်း မြေအကျယ် ၇ ဧကမှ ၁၀ ဧကအတွင်းရှိရမည်
၁၅. ၁. ၂၀၂၅
Written by Nyein Kyaw
အခြေခံပညာကျောင်းများနှင့် ပတ်သက်၍ အချို့ကျောင်းများမှာ စံကိုက်ဖြစ်သော်လည်း အချို့ကျောင်းများမှာ ကျောင်းအင်္ဂါရပ်များနှင့် ပြည့်စုံမှုမရှိသည်ကိုတွေ့ရကြောင်း နိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယမန်နေ့က ကျင်းပသည့် ပညာရေးကဏ္ဍနှင့် ကျန်းမာရေးကဏ္ဍ မြှင့်တင်ရေးညှိနှိုင်း အစည်းအဝေးတွင် ပြောကြားသည်။
အခြေခံပညာကျောင်းများနှင့် ပတ်သက်၍ အချို့ကျောင်းများမှာ စံကိုက်ဖြစ်သော်လည်း အချို့ကျောင်းများမှာ ကျောင်းအင်္ဂါရပ်များနှင့် ပြည့်စုံမှုမရှိသည်ကို တွေ့ရကြောင်း၊ မူလတန်းကျောင်းအဆင့်၏ မြေအကျယ်အဝန်းမှာ ၃ ဧကမှ ၅ ဧကအတွင်းရှိရမည်၊ အလယ်တန်းကျောင်းအဆင့်၏ မြေအကျယ်အဝန်းမှာ ၅ ဧက မှ ၇ ဧကအတွင်းရှိရမည်၊ အထက်တန်းကျောင်းအဆင့်၏ မြေအကျယ်အဝန်းမှာ ၇ ဧကမှ ၁၀ ဧကအတွင်း ရှိရမည်ဖြစ်ကြောင်း ယာယီသမ္မတက ပြောကြားသည်။
အချို့ကျောင်းများမှာ ထိုသို့စံကိုက်ညီမှုမရှိခြင်းကြောင့် စာသင်ဆောင်များ ဆက်လက်တိုးချဲ့ ဆောက်လုပ်ရန်အတွက် အခက်အခဲများရှိကြောင်း၊ တိုးတက်လာသည့် သင်ကြားမှုစနစ်နှင့် ကျောင်းသား၊ ကျောင်းသူ ဦးရေများအရ စံကိုက်ညီမှုရှိသည့် အခြေခံပညာကျောင်းများအား သတ်မှတ်ထားသည့် သတ်မှတ်ချက်များနှင့်အညီ သပ်ရပ်စွာဖြင့် စနစ်တကျဖြစ်အောင် အဆင့်မြှင့်တင်ဆောင်ရွက်ပေးသွားရမည်ဖြစ်ကြောင်း ယာယီသမ္မတက ပြောကြားသည်။


အခြေခံပညာကျောင်းများတွင် တက်ရောက်ကြသည့် ကျောင်းသား၊ ကျောင်းသူများ၏ မိဘပြည်သူများအနေဖြင့် ၎င်းတို့၏ သားသမီးများအား ပုဂ္ဂလိကကျောင်းတွင် ထားနိုင်သည့်သူများမဟုတ်ဘဲ နိုင်ငံတော်မှဖွင့်လှစ်သည့် အခြေခံပညာကျောင်းများကို အဓိကအားကိုးရခြင်းဖြစ်ကြောင်း ယာယီသမ္မတက ပြောကြားသည်။
နိုင်ငံ့ဝန်ထမ်းမိသားစုများနှင့် သာမန်ဝင်ငွေရှိသူများ အများစုသည် အစိုးရကျောင်းများတွင် ၎င်းတို့၏သားသမီးများကို ပညာသင်ကြားစေကြကြောင်း၊ ထို့ကြောင့် အစိုးရကျောင်းများကို မဖြစ်မနေအဆင့်မြှင့်တင်ပေးသွားရမည်ဖြစ်ကြောင်း၊ ပညာရေးနှင့်ပတ်သက်၍ စံချိန်မီသည့်ကျောင်းများဖြစ်စေရေးနှင့် အရည်အချင်းရှိသည့် ဆရာ၊ ဆရာမများဖြစ်စေရေး အလေးထား ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ယာယီသမ္မတက ပြောကြားသည်။ Photo – MOI
