




၁၅.၁.၂၀၂၆
Written By Thandar
လပ်ကီးဆဲဗင်းရုပ်ရှင်ထုတ်လုပ်ရေးက ဟာသဇာတ်လမ်းပုံစံ “ရွာဂေါ် “ရုပ်ရှင်ဇာတ်ကား Premiere Show ပွဲအခမ်းအနားကို ဇန်နဝါရီ ၁၄ ရက် ညနေပိုင်းက ရန်ကုန်မြို့ သမ္မတအဆင့်မြင့်ရုပ်ရှင်ရုံမှာ ကျင်းပခဲ့ပါတယ်။
“တီဂွမ်းတို့ ဒီဇာတ်ကားက ရိုက်ခဲ့တာ ကိုးနှစ်ကျော်နီးပါးရိုက်ခဲ့ကြတာပါ။ ဒီကားက မေမြို့မှာ တီတီ@ပြေတီဦးတို့လည်းပါတယ်။ ကိုခန့်@ခန့်စည်သူရော၊ သင်ဇာဝင့်ကျော်တို့လည်းပါတယ်။ ကိုယ်နဲ့တွဲဘက် ကိုခင်လှိုင်ကလည်း တွဲဘက်ပေါ့နော်။ ပြီးခဲ့တဲ့ ကိုးနှစ်ကျော် ဆယ်နှစ်ကဆိုတော့ တော်တော်လေး ကွာသွားခဲ့တာလေ။ တီဂွမ်းရဲ့ ဖက်ရှင်ကတော့ ဘယ်တော့မှလျော့မနေခဲ့ဘူး။ ရွာဂေါ်ကားမှာ ဘယ်လို ဂေါ်မလဲဆိုတာ ပရိသတ်တွေ ရုံတင်ရင်ကြည့်ရှုအားပေးကြပါဦးလို့ ပြောချင်ပါတယ်”လို့ အကယ်ဒမီ တက္ကသိုလ်ဂွမ်းပုံက ပြောပါတယ်။
အဆိုပါ ဇာတ်ကားကို ဇာတ်လမ်း ညာလက်တော်၊ ဇာတ်ညွှန်း ရွှန်းမီမီထက်၊ ဒါရိုက်တာ ကိုဇော်(အရုဏ်ဦး)က လွန်ခဲ့တဲ့ ၂၀၁၆ ခုနှစ်လောက်က ပြင်ဦးလွင်မှာ ရိုက်ကူးပုံဖော်ခဲ့တဲ့ ဟာသဇာတ်လမ်းလည်းဖြစ်တယ်လို့ သိရပါတယ်။
သရုပ်ဆောင်တွေဖြစ်တဲ့ အကယ်ဒမီ ခန့်စည်သူ၊ အကယ်ဒမီ ပြေတီဦး၊ သင်ဇာဝင့်ကျော်၊ အကယ်ဒမီ ဝတ်မှုံရွှေရည်၊ ခင်လှိုင်၊ ဆင်မ၊ အကယ်ဒမီ တက္ကသိုလ်ဂွမ်းပုံ၊ ကျင်ဝှက်၊ မျောက်ရှုံး၊ အောင်မော်၊ ကြာစိ၊ နေလင်း၊ အရိုင်းမင်း၊ ဦးဘဂျမ်း၊ မိုးသောက်၊ ဇာခြည်လွင်၊ ပိုးပိုး၊ နန်းရွှေအိမ်နဲ့ အနုပညာရှင်များစွာ ပါဝင်သရုပ်ဆောင်ထားကြပါတယ်။
“ရွာဂေါ် “ ရုပ်ရှင်ဇာတ်ကားကြီးကို လာမယ့် ဇန်နဝါရီလ ၁၆ ရက်နေ့က စတင်ပြီး တစ်ပြည်လုံးရှိ ရုပ်ရှင်ရုံတိုင်းမှာရုံတင်ပြသမှာလည်းဖြစ်ပါတယ်။
