◾️အကြမ်းဖက်သမားများက မူးယစ်ဆေးဝါး ထုတ်လုပ်သယ်ယူပို့ဆောင်ခြင်းကို အဓိကဝင်ငွေရလမ်းအဖြစ် ဆောင်ရွက်နေပြီး ပင်လယ်ထွက်ပေါက်ကို AA အဖွဲ့မှ အဓိက ဆောင်ရွက်နေဟုပါ ပြော





၁၄. ၁. ၂၀၂၅
Written by Nyein Kyaw
သမိုင်းစဉ်တစ်လျှောက် ပမာဏအများဆုံး ဖမ်းမိခဲ့သည့် ရှမ်းပြည်နယ်မြောက်ပိုင်းမှ မူးယစ်ဆေးဝါးဖြစ်စဉ်များတွင် အဓိကပါဝင်ပတ်သက်သည့် မည်သည့်အဖွဲ့အစည်းကိုမဆို ထိရောက်ပြင်းထန်စွာ အရေးယူသွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
ယနေ့ ကျင်းပသည့် မူးယစ်ဆေးဝါးများနှင့် မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့်ပစ္စည်းများ ပမာဏအများဆုံးသိမ်းဆည်းရမိမှု၊ အွန်လိုင်းလိမ်လည် လောင်းကစားမှုပြုလုပ်ရာတွင် အသုံးပြုသည့်ပစ္စည်းများ ဖော်ထုတ်သိမ်းဆည်းရမိမှုတို့နှင့် ပတ်သက်၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၏ သတင်းစာရှင်းလင်းပွဲတွင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားခဲ့ခြင်းဖြစ်သည်။
သီပေါမြိုနယ်နှင့် မိုင်းရယ်မြို့နယ်များအတွင်း နယ်မြေရှင်းလင်းစဥ် အွန်လိုင်းလိမ်လည် လောင်းကစားမှု ပြုလုပ်ရာတွင် အသုံးပြုသည့်ပစ္စည်းများနှင့် မူးယစ်ဆေးဝါးချက်လုပ်ရာ၌ အသုံးပြုသည့်ပစ္စည်းများ သိမ်းဆည်းရမိခဲ့သည့်အပြင် SSA လက်နက်ကိုင်အဖွဲ့မှ ပါဝင်ပတ်သက်သူများအပါအဝင် တရားခံ ၆ ဦးကိုပါ ဖမ်းမိခဲ့ကြောင်း ဇန်နဝါရီ ၁၁ ရက်တွင် ထုတ်ပြန်ပြီးဖြစ်သည်။
ယခုဖြစ်စဉ်များအတွင်း မူးယစ်ဆေးဝါးဖမ်းဆီးမှုသည် ယခင်နှစ်များထက် နှစ်ဆနီးပါး ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်းနှင့် သီပေါနှင့် မိုင်းရယ်အတွင်း ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါး ထုတ်လုပ်ရေးစခန်းသည် နိုင်ငံသမိုင်းစဉ်တစ်လျှောက် အများဆုံးဖမ်းမိခြင်းဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
သမိုင်းစဉ်တစ်လျှောက် ပမာဏအများဆုံး မူးယစ်ဆေးဝါးဖမ်းဆီးရမိခဲ့သည့် ဒေသများ၌ ယခင်ကတပ်မတော်စိုးမိုးမှုရှိခဲ့ပြီး အဖြူရောင်ဒေသဖြစ်ခဲ့ကာ သီပေါနှင့် မိုင်းရယ်အကြား ဆက်သွယ်ထားသည့် လမ်းနှင့်အနီးတစ်ဝိုက်ရှိ စိန်ကြော့၊ ဆောင်ကြဲ၊ ဟိုယ နှင့် တောင်ဘက် နမ့်လန်တို၌ တပ်မတော်မှ စိုးမိုးမှုရှိခဲ့ခြင်းဖြစ်သည်။
၂၀၂၃ ခုနှစ်၌ ၁၀၂၇ အမည်ခံစစ်ရေးလှုပ်ရှားမှုပေါ်ပေါက်လာခဲ့ပြီးနောက်ပိုင်း လားရှိုးအပါအဝင် အဆိုပါဒေသများမှ ခေတ္တဆုတ်ခွာခဲ့ရပြီးနောက် နှစ်ဖက်ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီချက်များအရ တပ်မတော်အနေဖြင့် ရှေ့မတိုး၊ နောက်မဆုတ်သာ ရပ်တန့်နေခဲ့ရချိန်တွင် မူးယစ်ဆေးဝါးထုတ်လုပ်ရေးလုပ်ငန်းနှင့် ရင်းနှီးကျွမ်းဝင်နေသည့်သူများ၊ ဝိသမလောဘသားများသည် ဒေသခံတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့(EAO)များနှင့် ပူးပေါင်းပြီး မူးယစ်ဆေးဝါး ထုတ်လုပ်သည့်နေရာများ ထူထောင်ခြင်း၊ မူးယစ်ဆေးဝါးချက်လုပ်ခြင်း၊ အွန်လိုင်းလိမ်လည်မှုကျူးလွန်ခြင်းများကို လုပ်ဆောင်လာကြခြင်းဖြစ်ပြီး ၎င်းတို့အနေဖြင့် “တောမီးလောင် တောကြောင် လက်ခမောင်းခတ်” ကြခြင်းဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
အကြမ်းဖက်သမားများအနေဖြင့် မူးယစ်ဆေးဝါးထုတ်လုပ် သယ်ယူပို့ဆောင်ခြင်းများကို ၎င်းတို့၏ ဝင်ငွေရလမ်းကြောင်းအဖြစ် အဓိကလုပ်ဆောင်လျက်ရှိပြီး ပင်လယ်ဘက်ထွက်ပေါက် လမ်းကြောင်းကို AA အဖွဲ့မှလည်းကောင်း၊ ထိုင်းနိုင်ငံဘက်သို့ KNU ၊ KNLA ၊ PDF အဖွဲ့များမှလည်းကောင်း၊ အိန္ဒိယနိုင်ငံဘက်သို့ PDF ၊ CNF အဖွဲ့များကလည်းကောင်း အသီးသီးလုပ်ဆောင်နေကြသည်ကို တွေ့ရှိရကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
မူးယစ်ဆေးဝါးလုပ်ငန်းများသည် မြန်မာနိုင်ငံအတွက်သာမက ဒေသတွင်းနိုင်ငံများအတွက်ပါ အန္တရာယ်သဖွယ် ဖြစ်ပေါ်လျက်ရှိသဖြင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းများကို ကုလသမဂ္ဂအပါအဝင် အိမ်နီးချင်းနိုင်ငံများ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ မဲခေါင်ဒေသတွင်းနိုင်ငံများ၊ ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများ၊ နိုင်ငံတကာမူးယစ်ဆေးဝါး ထိန်းချုပ်ရေးဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
ယခုဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးဖြစ်စဉ်များတွင် အဓိကပါဝင်ပတ်သက်လျက်ရှိသည့် မည်သည့်အဖွဲ့အစည်းကိုမဆို ထိရောက်ပြင်းထန်စွာ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် မူးယစ်ဆေးဝါး ထုတ်လုပ်သယ်ဆောင်ရောင်းချသည့်လုပ်ငန်းများနှင့် အွန်လိုင်း လိမ်လည်လောင်းကစားမှု လုပ်ငန်းများသည် မြန်မာနိုင်ငံသားများအတွက် အကျိုးယုတ်စေမည့် လုပ်ငန်းများဖြစ်သလို ဒေသတွင်းနိုင်ငံများကိုပါ အန္တရာယ်ကျရောက်စေမည့်လုပ်ငန်းဖြစ်သည့်အတွက် ပြည်သူအားလုံး ဝိုင်းဝန်းဆန့်ကျင်ကြရန် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
