သက်တံ့
၁၁. ၁. ၂၀၂၆
ပါကစ္စတန်နိုင်ငံ၏ မြို့တော် အစ္စလာမ္မာဘတ်ရှိ မင်္ဂလာပွဲကျင်းပနေသည့် နေအိမ်တစ်လုံးတွင် ယနေ့ (ဇန်နဝါရီ ၁၁ ရက်) နံနက်အစောပိုင်းအချိန်က ဂတ်စ်အိုးပေါက်ကွဲမှုဖြစ်ပွားရာမှ ထိမ်းမြားပြီးစ ဇနီးမောင်နှံအပါအဝင် အနည်းဆုံး လူ ၈ ဦး သေဆုံးပြီး ၁၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
ပေါက်ကွဲမှုသည် အစ္စလာမ္မာဘတ်မြို့၊ G-7/2 ရပ်ကွက်ရှိ မင်္ဂလာအခမ်းအနား ကျင်းပနေသော လူနေအိမ်အတွင်း၌ နံနက် ၂ နာရီခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ပြင်းထန်သော ပေါက်ကွဲမှုကြောင့် ဒေသခံများအကြား ထိတ်လန့်တုန်လှုပ်မှုများ ဖြစ်ပေါ်ခဲ့ပြီး ပေါက်ကွဲမှုအရှိန်ကြောင့် အနီးနားရှိ နေအိမ်များလည်း ပျက်စီးခဲ့ရသည်။
အစ္စလာမ္မာဘတ် ဒုတိယမင်းကြီး Irfan Nawaz Memon ၏ ပြောကြားချက်အရ အဆောက်အအုံအပျက်အစီးများအောက်တွင် ပိတ်မိနေသူ ၁၉ ဦးကို ကယ်ဆယ်ရေးလုပ်ငန်းစဉ်အတွင်း အောင်မြင်စွာ ကယ်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။
ဒဏ်ရာရရှိသူများကို ဆေးကုသမှုခံယူရန်အတွက် ပါကစ္စတန်ဆေးသိပ္ပံတက္ကသိုလ် (PIMS) သို့ အရေးပေါ် ပို့ဆောင်ထားရသည်။ ကယ်ဆယ်ရေးအဖွဲ့များ၏ စစ်ဆေးချက်အရ ပေါက်ကွဲမှုကြောင့် ပတ်ဝန်းကျင်ရှိ အနည်းဆုံး နေအိမ် ၄ လုံးခန့် ထိခိုက်ပျက်စီးမှုများ ရှိခဲ့သည်။
လက်ရှိတွင် ကယ်ဆယ်ရေးလုပ်ငန်းများ ပြီးစီးသွားပြီဖြစ်ကြောင်း အာဏာပိုင်များက အတည်ပြုထားပြီး ပေါက်ကွဲရသည့် အကြောင်းရင်းမှန်ကို သိရှိနိုင်ရန် အသေးစိတ် စုံစမ်းစစ်ဆေးမှုများ စတင်နေပြီဖြစ်သည်။
အစောပိုင်းသတင်းထုတ်ပြန်ချက်များတွင် သေဆုံးသူ ၆ ဦးဟု ဖော်ပြခဲ့သော်လည်း နောက်ပိုင်းတွင် အပျက်အစီးများအောက်မှ ရုပ်အလောင်းများ ထပ်မံတွေ့ရှိခဲ့ခြင်းကြောင့် သေဆုံးသူ ၈ ဦးအထိ မြင့်တက်လာခြင်းဖြစ်ကြောင်း သိရသည်။
Ref : Xinhua / Local News
