◾️ နယ်စပ်တစ်လျှောက် တစ်ညလုံး ပြင်းထန်သော တိုက်ပွဲများကြောင့် တိုက်ပွဲဖြစ်ရာအနီးဒေသရှိ ပြည်သူများ ထိတ်လန့်ခြောက်ခြားကာ ဆန္ဒပြမှုများနှင့် နေရပ်စွန့်ခွာမှုများ ဖြစ်ပေါ်လျက်ရှိ
နေမိုး
၁၁. ၁. ၂၀၂၆
မြန်မာနယ်စပ်တစ်လျှောက် တိုက်ပွဲများဖြစ်ပွားနေစဉ်အတွင်း ကျည်ဆန်ထိမှန်မှုကြောင့် ကော့ဘဇား (Cox’s Bazar) ခရိုင်၊ တက္ကနာ့ဖ် (Teknaf) မြို့တွင် ဘင်္ဂလားဒေ့ရှ် ဆယ်ကျော်သက် မိန်းကလေးငယ်တစ်ဦး သေဆုံးသွားကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
သေဆုံးသူမှာ ဝှိုက်ကောင်းဒေသ၊ တယ်ဆီတံတားဧရိယာရှိ မိုဟာမက်ဂျာဆင်၏ သမီးဖြစ်သူ အသက် ၁၂ နှစ်အရွယ် အာဖနန် (Afnan) ဖြစ်ပြီး မြန်မာနိုင်ငံဘက်မှ ပစ်ခတ်လိုက်သော ကျည်ဆန်ထိမှန်ခဲ့ခြင်းဖြစ်ကြောင်း ဝှိုက်ကောင်းရဲကင်းစခန်း တာဝန်ခံ ခိုကန် ကန်တီ ရုဒြာ (Khokan Kanti Rudra) က အတည်ပြုခဲ့သည်။
ဝှိုက်ကောင်းယူနီယံ၏ တစ်ဖက်ကမ်းရှိ တိုတာဒွစ် (Totardwip) နယ်စပ်တစ်လျှောက်တွင် ရခိုင်အကြမ်းဖက်လက်နက်ကိုင် (AA) နှင့် ဘင်္ဂါလီလက်နက်ကိုင်အဖွဲ့များအကြား ဇန်နဝါရီ ၁၀ ရက် ည ၁၁ နာရီခန့်မှ ယနေ့နံနက် ၁၀ နာရီခန့်အထိ တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း ရဲအရာရှိက ပြောကြားသည်။ ဒေသခံများ၏ ပြောပြချက်အရ တစ်ညလုံးနှင့် ယနေ့နံနက်ပိုင်းအထိ သေနတ်သံများနှင့် ပေါက်ကွဲသံများ အဆက်မပြတ် ကြားနေရကြောင်း သိရသည်။
ယနေ့နံနက် ၉ နာရီ ၄၀ မိနစ်ခန့်တွင် မိန်းကလေးငယ်သည် သူမ၏ အိမ်ရှေ့တွင် ဆော့ကစားနေစဉ် ကျည်ဆန်ထိမှန်ခဲ့ခြင်းဖြစ်ပြီး ထိုနေရာ၌ပင် သေဆုံးသွားခဲ့ကြောင်း ခိုကန်က ပြောကြားသည်။
အဆိုပါဖြစ်စဉ် ဖြစ်ပွားပြီးနောက် ဒေသခံများသည် ခေယာတက္ကနာ့ဖ် (Kheya Teknaf) ရှိ တက္ကနာ့ဖ်အဝေးပြေးလမ်းမကြီးပေါ်တွင် အတားအဆီးများချကာ ဆန္ဒပြမှုများ ပြုလုပ်ခဲ့ကြသည်။ ဤကိစ္စနှင့် ပတ်သက်၍ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (BGB) အရာရှိများကို ဆက်သွယ်မေးမြန်းရန် ကြိုးပမ်းခဲ့သော်လည်း ဖုန်းဖြေဆိုခြင်း မရှိခဲ့ပေ။
ဝှိုက်ကောင်းယူနီယံ၊ အမှတ် (၂) ရပ်ကွက် အဖွဲ့ဝင်ဖြစ်သူ စီရာဂျူးလ် မူစတာဖာက လွန်ခဲ့သော ၂ ရက် ၃ ရက်ခန့်ကပင် နယ်စပ်တစ်လျှောက် သေနတ်သံများ ကြားနေရသော်လည်း မနေ့ည ၁၁ နာရီခန့်မှစ၍ အခြေအနေမှာ ပိုမိုပြင်းထန်လာခဲ့ကြောင်း ပြောကြားခဲ့သည်။
“သေနတ်သံတွေနဲ့ ပေါက်ကွဲသံတွေ ပြင်းထန်လွန်းတာကြောင့် နယ်စပ်အနီးက လူတွေဟာ သူတို့အိမ်တွေကို စွန့်ခွာပြီး တခြားနေရာတွေမှာ ခိုလှုံခဲ့ရတယ်” ဟု ၎င်းက ဆိုကာ တိုက်ပွဲသံများသည် ယနေ့နံနက် ၁၀ နာရီခန့်အထိ ဆက်လက်ဖြစ်ပွားနေကြောင်း ဖြည့်စွက်ပြောကြားသည်။
လက်ရှိတွင် ဒေသခံများအကြား ကြောက်ရွံ့ထိတ်လန့်မှုများ ပျံ့နှံ့နေပြီး နယ်စပ်နှင့် ကပ်လျက်ရှိသော နေရာများမှ မိသားစုအများအပြားသည် ဘေးကင်းရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။
Ref : The Daily Star
