◾️ ရွေးကောက်ပွဲပြီးစီးပါက လွှတ်တော်အား ၂၀၂၆ ခုနှစ် မတ်လတွင် စတင်ခေါ်ယူမည်
၁၁. ၁. ၂၀၂၆
Written by Nyein Kyaw
ကြိုတင်မဲများရေတွက်ချိန် ကိုယ်စားလှယ်အားလုံးကို ဖိတ်ကြားပြီး ပွင့်လင်းမြင်သာစွာ ရေတွက်ခဲ့ကြောင်းနှင့် ချို့ယွင်းချက်များရှိခဲ့ပါကလည်း ရွေးကောက်ပွဲကော်မရှင်နှင့် ပွင့်လင်းမြင်သာစွာ ပြောဆိုရှင်းလင်းနိုင်ကြောင်း အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
ယနေ့ ကျင်းပသည့် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း (၂)တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မဲဆန္ဒရှင်ပြည်သူများအား လှည့်လည်ကြည့်ရှု့စစ်ဆေးစဉ် ဗိုလ်ချုပ်ဇော်မင်းထွန်းက အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။




“အဓိကတော့ ကြိုတင်မဲနဲ့ပတ်သက်ပြီး သူတို့ပြောနေတာနဲ့ ပတ်သက်ပြီး ကြိုတင်မဲရေတွက်တဲ့အခါမှာလည်း ကိုယ်စားလှယ်လောင်းတွေ အကုန်လုံးဖိတ်တာပဲ။ ကိုယ်စားလှယ်လောင်းတွေ အကုန်လုံးဖိတ်တဲ့အတွက်ကြောင့်မို့လို့ ခင်ဗျားတို့လည်း မြင်ပြီးသားပဲ။ တချို့ကိုယ်စားလှယ်တွေက ကျွန်တော်သိရသလောက်ပေါ့နော်။ တချို့ကိုယ်စားလှယ်တွေက မလာဘူး။ မလာဘဲနဲ့ ပြောတာပေါ့နော်။ ဥပမာဆိုရင် မရမ်းကုန်းဆိုရင် ပထမအကြိမ်မှာ ပြီးသွားပြီ။ ပထမအကြိမ်မှာ ပြီးသွားတဲ့အတွက်ကြောင့် ခင်ဗျားတို့၊ ကျွန်တော်တို့လည်း ကြားခဲ့မှာပဲလေ။ ဒီကိုယ်စားလှယ်လောင်း၊ ပုဂ္ဂလိကကိုယ်စားလှယ်လောင်း ဒေါက်တာခင်ခင်ကျော့ သူဆိုရင် သူကိုယ်တိုင်လည်း ပြောခဲ့တာပဲ။ သူဆိုရင် လေးစားဖို့ကောင်းပါတယ်။ သူရှုံးခဲ့တယ်။ ရှုံးခဲ့တယ်လို့ သူကိုယ်တိုင်လည်း အဲဒီမှာ ကြိုတင်မဲတွေ ရေတွက်တဲ့နေရာမှာ သူကိုယ်တိုင်လည်း သွားကြည့်တယ်။ ဒီလိုပဲ ပွင့်လင်းမြင်သာစွာပဲ အကုန်လုံးကတော့ ကျွန်တော်တို့က ကွယ်ဝှက်ပြီးလုပ်လို့မရဘူး။ ပွင့်လင်းမြင်သာစွာပဲ လုပ်ရတာပဲ။ သို့သော်လည်း ချို့ယွင်းချက်လေးတွေရှိတာတော့ ကျွန်တော်တို့တွေ့ရတယ်။ ဘာချို့ယွင်းချက်ရှိတာလဲဆိုတော့ ဒီအပေါ်မှာမဟုတ်ဘူး။ ကိုယ်စားလှယ်လောင်းတွေ မဲရေတွက်တဲ့အခါမှာ လာကြည့်ဖို့ခေါ်တဲ့အခါမှာ မလာတဲ့ဟာတွေရှိတယ်။ မလာဘဲနဲ့ ပြောနေတဲ့ဟာမျိုးတွေရှိတာပေါ့နော်။ သို့သော် ဒါက ကျွန်တော်တွေ့ခဲ့တဲ့ဟာပဲ ပြောခြင်းဖြစ်ပါတယ်။ တစ်ဖက်သတ်ပြောနေတာမဟုတ်ဘူး။ သို့သော် ချို့ယွင်းချက်တွေလည်း ရှိကောင်းရှိနိုင်မယ်။ ရှိရင်လည်း ကျွန်တော်တို့ ကော်မရှင်နဲ့ ဒါရှင်းလို့ရပါတယ်။ ကော်မရှင်နဲ့ ဒါပြောလို့ရပါတယ်။ အားလုံး ပွင့်လင်းမြင်သာစွာပဲ သူတို့ဆောင်ရွက်ပေးပါလိမ့်မယ်ဗျ။”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ပြီးစီးပါက အစိုးရသစ်တာဝန်များကို ယခင်က ပြုလုပ်ခဲ့သည့် ပုံမှန်ဇယားအတိုင်း ဆောင်ရွက်မည်ဖြစ်ကာ လွှတ်တော်အား ၂၀၂၆ ခုနှစ် မတ်လတွင် စတင်ခေါ်ယူမည်ဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
“အဓိကတော့ ကျွန်တော်တို့ကတော့ လွှတ်တော်ကတော့ မတ်လထဲမှာ ခေါ်မှာပဲ။ မတ်လထဲမှာ ခေါ်ပြီးလုပ်ရမှာပဲ လုပ်ပြီးရင် ကျွန်တော်တို့က ဒါဧပြီလထဲမှာတော့ အစိုးရသစ်တာဝန်တွေက ဧပြီလထဲမှာ ထမ်းဆောင်မှာပဲ။ ဒီယခင်တုန်းက လုပ်ခဲ့တဲ့ပုံမှန်ဇယားတွေအတိုင်း လုပ်ပါလိမ့်မယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆက်လက် ပြောကြားသည်။
ပုံစာ။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ရန်ကုန် မဲရုံများကို ယနေ့ လှည့်လည်ကြည့်ရှုနေသောပုံရိပ်နှင့် ပြည်သူများ မဲပေးမှု ပုံရိပ်။
