သက်တံ့
၁၁. ၁. ၂၀၂၆
ထိုင်းနိုင်ငံ၏ အမှတ် (၄) ရှေ့တန်းစစ်ဌာနချုပ်၊ ပြည်တွင်းလုံခြုံရေးဆိုင်ရာ စစ်ဆင်ရေးဌာန (ISOC) ၏ ထုတ်ပြန်ချက်အရ အစ္စလာမ္မစ်ခွဲထွက် သောင်းကျန်းသူများ အခြေပြုရာ ထိုင်းတောင်ပိုင်း နယ်စပ်သုံးခရိုင်ဖြစ်သော နာရသီဝပ် (Narathiwat)၊ ပတ္တနီ (Pattani) နှင့် ယာလ (Yala) တို့ရှိ PTT စက်သုံးဆီဆိုင် အများအပြားကို ပစ်မှတ်ထား၍ ညဉ့်နက်ပိုင်းတွင် ဗုံးခွဲတိုက်ခိုက်မှုများ ဆက်တိုက်ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်များသည် ဇန်နဝါရီလ ၁၁ ရက် (တနင်္ဂနွေနေ့) သန်းခေါင်ယံအချိန်ခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး PTT စက်သုံးဆီဆိုင် စုစုပေါင်း ၁၁ ဆိုင် တိုက်ခိုက်ခံခဲ့ရသဖြင့် ဒေသခံများအကြား စိုးရိမ်ထိတ်လန့်မှုများ ဖြစ်ပေါ်ခဲ့သည်။

တိုက်ခိုက်ခံရသည့် နေရာများမှာ နာရသီဝပ်ခရိုင်တွင် ငါးဆိုင်၊ ပတ္တနီခရိုင်တွင် နှစ်ဆိုင်နှင့် ယာလခရိုင်တွင် လေးဆိုင်တို့ဖြစ်ကြောင်း သိရသည်။
ISOC အမှတ် (၄) ရှေ့တန်းစစ်ဌာနချုပ်က ဤတိုက်ခိုက်မှုများသည် စက်သုံးဆီဆိုင်များအား နှောင့်ယှက်ဖျက်ဆီးရန် ရည်ရွယ်ချက်ရှိရှိဖြင့် မသမာသူများက မိုင်းထောင်ဖောက်ခွဲခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
လက်ရှိတွင်မူ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် အခြေအနေကို ထိန်းချုပ်ထားပြီး၊ အခင်းဖြစ်ပွားရာ နယ်မြေများကို ပိတ်ဆို့ကာ ပြည်သူလူထု ဘေးကင်းလုံခြုံစေရန်အတွက် အသေးစိတ် စစ်ဆေးမှုများ ပြုလုပ်လျက်ရှိသည်။

ထို့အပြင် အာဏာပိုင်များအနေဖြင့် ပျက်စီးဆုံးရှုံးမှုများကို စစ်ဆေးတွက်ချက်နေပြီး ကျူးလွန်သူများကိုလည်း လိုက်လံစုံစမ်းလျက်ရှိကာ အန္တရာယ်ရှိနိုင်သော နေရာများကို ရှောင်ကြဉ်ကြရန်နှင့် အစိုးရ၏ နောက်ဆုံးရသတင်းများကို ဂရုတစိုက် စောင့်ကြည့်ကြရန် ပြည်သူများကို တိုက်တွန်းထားသည်။
ထိုင်းနိုင်ငံတောင်ပိုင်းတွင် အစ္စလာမ္မစ်ခွဲထွက်ရေး လက်နက်ကိုင်အဖွဲ့များအဖြစ် BRN (Barisan Revolusi Nasional)၊ PULO (Patani United Liberation Organization)၊ GMIP (Gerakan Mujahideen Islam Patani) နှင့် BIPP (Barisan Islam Pembebasan Patani) စသည့်အဖွဲ့များ အင်အားကောင်းစွာဖြင့် လှုပ်ရှားနေပြီး ထိုအဖွဲ့များက MARA Patani အဖြစ်လည်း မဟာမိတ်ဖွဲ့စည်းလှုပ်ရှားလေ့ရှိကြသည်။
Ref : The Nation Thailand
