သတိုး
၅. ၁. ၂၀၂၅
မန်ချက်စတာယူနိုက်တက်အသင်းသည် ပေါ်တူဂီနည်းပြ ရူဘင် အမော်ရင်ကို ရာထူးမှ ထုတ်ပယ်လိုက်ပြီ ဖြစ်သည်။
ပေါ်တူဂီလူမျိုးနည်းပြ အမော်ရင်သည် အသင်းကို ၁၄ လကြာ တာဝန်ယူခဲ့ပြီးနောက် တနင်္ဂနွေနေ့က လိဒ်ယူနိုက်တက်နှင့် တစ်ဂိုးစီ သရေကျခဲ့သည့်ပွဲမှာ သူ၏ နောက်ဆုံးပွဲ ဖြစ်ခဲ့သည်။ ယူနိုက်တက်အသင်းသည် ပရီးမီးယားလိဂ် ပွဲစဉ် ၂၀ ကစားအပြီးတွင် အဆင့် (၆) နေရာ၌ ရပ်တည်နေသည်။
အသင်းကွင်းလယ်လူဟောင်းဖြစ်သူနှင့် လက်ရှိ ယူ-၁၈ အသင်းနည်းပြ ဒါရင်း ဖလက်ချာက ယာယီနည်းပြအဖြစ် တာဝန်ယူမည်ဖြစ်ပြီး ဗုဒ္ဓဟူးနေ့ည ကစားမည့် ဘန်လေနှင့် အဝေးကွင်းပွဲစဉ်မှာ သူ၏ ပထမဆုံးပွဲ ဖြစ်လာမည်ဖြစ်သည်။ အမြဲတမ်းနည်းပြသစ်ကိုမူ နွေရာသီအထိ စောင့်ဆိုင်းခန့်အပ်ဖွယ် ရှိသည်။
ဤဆုံးဖြတ်ချက်ကို အမှုဆောင်အရာရှိချုပ် အိုမာ ဘာရာဒါနှင့် ဘောလုံးဒါရိုက်တာ ဂျေဆန် ဝီလ်ကော့စ်တို့ အပါအဝင် အသင်း၏ ဦးဆောင်မှုအဖွဲ့က ချမှတ်ခဲ့ခြင်းဖြစ်ပြီး နောက်ကွယ်တွင် ဆက်ဆံရေးများ ပြိုကွဲပျက်စီးသွားခဲ့ပြီးနောက် ယခုကဲ့သို့ အဆုံးသတ်ခဲ့ခြင်း ဖြစ်သည်။

၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလတွင် စပို့တင်းလစ္စဘွန်းမှ ယူနိုက်တက်သို့ ပြောင်းရွှေ့ရန် ချုပ်ဆိုခဲ့သည့် စာချုပ်ပါ အချက်အလက်များအရ လျော်ကြေးငွေ လျှော့ပေါ့ခွင့်မရှိသောကြောင့် ယူနိုက်တက်အနေဖြင့် အမော်ရင်၏ စာချုပ်သက်တမ်းကုန်ဆုံးသည်အထိ လုပ်ခလစာ အပြည့်အဝ ပေးလျော်ရမည်ဖြစ်သည်။ အဆိုပါစာချုပ်မှာ ၂၀၂၇ ခုနှစ်အထိ သက်တမ်းရှိပြီး နောက်ထပ် တစ်နှစ်သက်တမ်းတိုးခွင့် ပါဝင်သည်။
The Athletic ၏ သတင်းထွက်ပေါ်လာပြီးနောက် အသင်းက တရားဝင် ထုတ်ပြန်ချက် ထုတ်ပြန်ခဲ့ရာတွင် အမော်ရင် ထွက်ခွာသွားပြီဖြစ်ကြောင်းနှင့် “အသင်းကို ပရီးမီးယားလိဂ်တွင် အကောင်းဆုံး ရလဒ်ရရှိစေရန် အခွင့်အရေးပေးရန်အတွက် ပြောင်းလဲမှုပြုလုပ်ရန် သင့်တော်သည့် အချိန်ဖြစ်သောကြောင့်” ယခုကဲ့သို့ “စိတ်မကောင်းစွာဖြင့်” ဆုံးဖြတ်ခဲ့ရခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။
အဲလန်ရုဒ်ကွင်းတွင် လိဒ်နှင့် သရေကျပြီးနောက် အမော်ရင်က သူနှင့်အတူ တွဲဖက်လုပ်ကိုင်နေသူများကြား တင်းမာမှုများရှိနေကြောင်း အရိပ်အမြွက် ပြောကြားခဲ့ပြီး သူကိုယ်သူ ယူနိုက်တက်၏ “နည်းပြ (Coach)” တစ်ဦးထက် “မန်နေဂျာ (Manager)” တစ်ဦးအဖြစ်သာ သဘောထားကြောင်း ပွဲအပြီး သတင်းစာရှင်းလင်းပွဲတွင် အခိုင်အမာ ပြောဆိုခဲ့သည်။
အမော်ရင်သည် သူ၏ ၃-၄-၃ ကစားကွက်အပေါ်တွင်သာ အစွဲအလမ်းကြီးလွန်းခြင်းကြောင့် ဝေဖန်ခံခဲ့ရသည်။ ဒီဇင်ဘာ ၂၆ ရက်က နယူးကာဆယ်ကို ၁-၀ ဖြင့် နိုင်ခဲ့စဉ်က ၄-၂-၃-၁ ကစားကွက်ဖြင့် ကစားခဲ့သော်လည်း နောက်လေးရက်အကြာ ဝုဗ်နှင့်ပွဲတွင် ၃-၄-၃ သို့ ပြန်ပြောင်းခဲ့ပြီး ၁-၁ သရေကျခဲ့သည်။
ယူနိုက်တက်သည် အမော်ရင်ကို စပို့တင်းမှ ခေါ်ယူရန် ယူရို ၁၁ သန်း (ပေါင် ၉.၂၅ သန်း) ပေးချေခဲ့ရသည်။ သူသည် အဲရစ်တန်ဟက်ဂ်၏ နေရာတွင် အစားထိုး ဝင်ရောက်လာသူ ဖြစ်သည်။

သို့သော်လည်း ယူနိုက်တက်သည် ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် အဆိုးရွားဆုံး ရလဒ်အဖြစ် အဆင့် ၁၅ ဖြင့် ရာသီသိမ်းခဲ့ပြီး ရမှတ် ၄၂ မှတ်သာ ရရှိခဲ့ကာ ၎င်းမှာ ၁၉၇၃-၇၄ ခုနှစ် တန်းဆင်းခဲ့ရသည့် ရာသီနောက်ပိုင်း အနည်းဆုံး ရမှတ်ဖြစ်သည်။ ထို့ပြင် အက်ဖ်အေဖလား၊ ကာရာဘောင်းဖလားတို့မှ စောစောစီးစီး ထွက်ခဲ့ရပြီး ယူရိုပါလိဂ် ဗိုလ်လုပွဲတွင်လည်း တော့တင်ဟမ်ကို ရှုံးနိမ့်ခဲ့သည်။ ၎င်းမှာ ၂၀၂၁-၂၂ နောက်ပိုင်း ပထမဆုံးအကြိမ် ဆုဖလားလက်မဲ့ ဖြစ်ခဲ့ရသည့် ရာသီဖြစ်ပြီး ၂၀၁၄ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ဥရောပဝင်ခွင့် လွဲချော်ခဲ့ခြင်းလည်း ဖြစ်သည်။
၂၀၂၅ နွေရာသီ အပြောင်းအလဲတွင် ယူနိုက်တက်သည် ဘင်ဂျမင် ဆက်စကို၊ ဘရိုင်ယန် အမ်ဘူးမိုနှင့် ကွန်ညာ တို့ကဲ့သို့ ကစားသမားများအတွက် ပေါင် သန်း ၂၀၀ ကျော် အသုံးပြုခဲ့သော်လည်း ယခုရာသီ အစပိုင်းတွင် ပထမဆုံး ၆ ပွဲ၌ ၇ မှတ်သာ ရရှိခဲ့သဖြင့် ၁၉၉၂-၉၃ နောက်ပိုင်း အဆိုးရွားဆုံး ရာသီအစ ဖြစ်ခဲ့သည်။
သြဂုတ်လအတွင်းက လိဂ်တူး (စတုတ္ထတန်း) ကလပ် ဂရင်းမ်ဘီတောင်းကို ကာရာဘောင်းဖလားတွင် ရှုံးနိမ့်ပြီးနောက် အမော်ရင်ကိုယ်တိုင်က “တစ်ခုခုတော့ ပြောင်းလဲဖို့ လိုနေပြီ” ဟု ပြောကာ သူ၏ အနာဂတ်အတွက် သံသယဖြစ်စရာ စကားများ ဆိုခဲ့သည်။ သူက “တစ်ခါတလေ ကျွန်တော့်ကစားသမားတွေကို မုန်းတယ်၊ တစ်ခါတလေ ချစ်တယ်” ဟုလည်း ပြောခဲ့ဖူးသည်။
၂၀၁၃ ခုနှစ်တွင် ဆာအဲလက်စ်ဖာဂူဆန် အနားယူပြီးနောက် ယူနိုက်တက်သည် အမြဲတမ်းနည်းပြ ၆ ဦးအထိ ခန့်အပ်ခဲ့ပြီး ဖြစ်သည်။ ဖာဂူဆန် ထွက်ခွာပြီးနောက်ပိုင်း နည်းပြများကို ရာထူးမှ ထုတ်ပယ်သည့် လျော်ကြေးငွေအဖြစ် ယူနိုက်တက်သည် ပေါင် သန်း ၅၀ ကျော် အသုံးပြုခဲ့ပြီး ဖြစ်သည်။
Ref : The Athletic
