





၅.၁.၂၀၂၅
Written by Nay Yaung Lin
၂၀၂၅ ရွေးကောက်ပွဲ အပိုင်း(၂) တွင်ပါဝင်သည့်
ဒေါပုံမြို့နယ်တွင် ကြိုတင်ဆန္ဒမဲများ လာရောက်ပေးလျက်ရှိသည့်ကို ဇန်နဝါရီ ၅ ရက်က တွေ့ရသည်။
ဒေါပုံမြို့နယ်၌ ယနေ့တွင် ဗမာအေး၊ အောင်ချမ်းသာ၊ နွယ်အေး၊ လမုတန်း၊ ယမုံနာ(၁)၊ ဗိုလ်ထွန်းဇံ၊ ဝါဆိုရပ်ကွက်တို့တွင် ကြိုတင်မဲများပေးခဲ့ကြသည်။
” နွယ်အေးရပ်ကွက်မှာဆိုရင် မဲရုံပေါင်း ၇ ရုံရှိပါတယ်။ ဒီနေ့က ပညာရေးဝန်ထမ်းနဲ့ ကျန်းမာရေးဝန်ထမ်းတွေ ကြိုတင်မဲလာပေးတာဖြစ်ပါတယ်” ဟု ဒေါပုံမြို့နယ်၊ နွယ်အေးရပ်ကွက်မှ မဲရုံမှူးတစ်ဦးက ပြောကြားသည်။




ဒေါပုံမြို့နယ်တွင် ရပ်ကွက်ပေါင်း ၁၄ ရပ်ကွက်ရှိပြီး မဲရုံစုစုပေါင်း ၃၈ ရှိကာ မဲပေးပိုင်ခွင့်ရှိသူ ၄၄၀၀၀ ခန့်ရှိကြောင်း သိရသည်။
ကြိုတင်ဆန္ဒမဲပေးခြင်းကို ဇန်နဝါရီ ၁ ရက်မှ ဇန်နဝါရီ ၁၀ ရက်အထိ မဲပေးနိုင်မည်ဖြစ်ပြီး ဇန်ဝါရီ ၈ ရက်မှ စတင်၍ သက်ကြီးရွယ်အို ကြိုတင်ဆန္ဒမဲများ လိုက်လံကောက်ယူကြမည်ဖြစ်သည်။
ဒေါပုံမြို့နယ်၏ လွှတ်တော်အသီးသီးရွေးကောက်ပွဲများတွင် ပြည်ခိုင်ဖြိုးပါတီ၊ တစည ပါတီ၊ PPP ပါတီ၊ ကျားဖြူပါတီ၊ ပြည်သူ့ပါတီ၊ တောင်သူလယ်သမားဖွံ့ဖြိုးရေးပါတီနှင့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းများလည်း ဝင်ရောက်ယှဥ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။
၂၀၂၅ ရွေးကောက်ပွဲ အပိုင်း(၂) တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ၁၆ မြို့နယ်၌ ရွေးကောက်ပွဲဆက်လက် ကျင်းပမည်ဖြစ်သည်။
