နေမိုး
၅. ၁. . ၂၀၂၆
အကြမ်းဖက်အဖွဲ့များဖြစ်သော CRPH နှင့် NUG တို့သည် နိုင်ငံတော်ကြီး အလုံးစုံပျက်သုဉ်းရေး ဦးတည်ချက်များဖြင့် PDF များကို ဖွဲ့စည်း၍ အချို့သော ဒေသများတွင် မြို့၊ ရွာများအတွင်း ဝင်ရောက်ကာ တိုက်ပွဲဖော်ဆောင်ခြင်း၊ အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်ခြင်းနှင့် အစိုးရဝန်ထမ်းများ၊ သာသနာ့အကျိုးသယ်ပိုးထမ်းဆောင်လျက်ရှိသော ရဟန်းသံဃာများ၊ အေးချမ်းစွာ နေထိုင်လျက်ရှိသော အပြစ်မဲ့ ဒေသခံပြည်သူများအား ခေါင်းစဉ်အမျိုးမျိုးတပ်၍ ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ခြင်းများ လုပ်ဆောင်လျက်ရှိရာ ယခုလည်း မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ဘုန်းကြီးကျောင်းသွားသည့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး တစ်ဦးနှင့် အပြစ်မဲ့ အရပ်သားပြည်သူ သုံးဦးကို PDF များက သေနတ်ဖြင့် ပစ်သတ်၍ လေးလောင်းပြိုင် သေဆုံးခဲ့ရမှု ဖြစ်ပွားခဲ့သည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
NUG ဩဇာခံ PDF များ၏ ကျူးလွန်မှုဖြစ်စဉ်မှာ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၃ ရက် နံနက် ၆ နာရီတွင် မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၊ ကျောင်းကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမင်းခိုင်ဦး(၅၀)နှစ်၊ ကျောင်းကုန်းကျေးရွာနေသူများဖြစ်သည့် ဦးရင်မင်းထွန်း(၃၀)နှစ်၊ ဦးအောင်အောင်(၄၀)နှစ်နှင့် မောင်အောင်မြင့်သူ(၁၇)နှစ်တို့သည် ကျေးရွာအရှေ့မြောက်ဘက် ၆ ဖာလုံခန့်အကွာရှိ ပေါ်တော်မူ ဘုန်းကြီးကျောင်းသို့ ထွက်ခွာလာစဉ် အဆိုပါဘုန်းကြီးကျောင်းဝင်ပေါက်အနီးအရောက်၌ PDF များ (အင်အားစိစစ်ဆဲ) ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ၎င်းတို့လေးဦးတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ လေးလောင်းပြိုင် သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်တွင် လက်နက်ကိုင်အကြမ်းဖက်သမားများသည် ပြည်သူလူထုအကြား အကြောက်တရားများ လွှမ်းမိုးစေရန် ရည်ရွယ်၍ အစိုးရဝန်ထမ်းများ၊ အပြစ်မဲ့ အရပ်သားပြည်သူ များအား ဆင်ခြင်တုံတရား ကင်းမဲ့စွာသတ်ဖြတ်ခဲ့မှုအပေါ် ဒေသခံပြည်သူများက ကန့်ကွက်ရှုတ်ချလျက် ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့်လည်း ဒေသခံပြည်သူများနှင့်ပူးပေါင်း၍ အကြမ်းဖက် သမားများအား အမြန်ဆုံးဖမ်းဆီးဖော်ထုတ်ရမိရေး လုံခြုံရေးလုပ်ငန်းစဉ်များကို တိုးမြှင့်ဆောင်ရွက် လျက်ရှိကြောင်း သိရှိရသည်။
