၅.၁.၂၀၂၆
Translated by Htwe Ko Tun
အမေရိကန်ရဲ့ ဗင်နီဇွဲလားနိုင်ငံကို ဇန်နဝါရီလ ၃ ရက် နံနက်အစောပိုင်းက စစ်ရေးအရ ဝင်ရောက်တိုက်ခိုက်ပြီး ဗင်နီဇွဲလားသမ္မတ မာဒူရိုနဲ့ဇနီးတို့ကို ဖမ်းဆီးခေါ်ဆောင်သွားမှုကို အမေရိကန်ပြည်ထောင်စုအတွင်းရှိ မြို့ကြီးတွေနဲ့ ကမ္ဘာတစ်ဝန်းရှိအချို့သောမြို့ကြီးတွေမှာ ဇန်နဝါရီလ ၃ ရက်ကစလို့ ဆန့်ကျင် ဆန္ဒပြမှုတွေဖြစ်ပွားခဲ့ပါတယ်။
ဇန်နဝါရီလ ၃ ရက်မှာ ဆန်ဖရန်စစ္စကိုမြို့က ကုလသမဂ္ဂပလာဇာမှာ များပြားလှတဲ့ဆန္ဒပြလူအုပ်ကြီးက သမ္မတ ဒေါ်နယ်ဒ်ထရမ့်ပ်ရဲ့ ဗင်နီဇွဲလားနိုင်ငံအပေါ် စစ်ရေးအရစွက်ဖက်လှုပ်ရှားမှုကို ဆန့်ကျင်ဆန္ဒပြခဲ့ကြပါတယ်။

အလားတူ ဆန္ဒပြပွဲတွေက အမေရိကန်ပြည်ထောင်စုရဲ့ တခြားသောမြို့ကြီးတွေဖြစ်တဲ့ ချီကာဂို၊ ဒယ်လတ်စ်၊ နယူးယော့ခ်၊ ဖီလာဒယ်လ်ဖီးယား၊ ပစ်ဘာ့ဂ်နဲ့ ဆီတယ်လ်တို့မှာလည်း ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ချီကာဂိုမြို့က စစ်ပွဲနဲ့ လူမျိုးရေးခွဲခြားမှုဆိုင်ရာကော်မတီက အန်ဒီသာရာက “ဆက်ဒမ်ဟူစိန်ရဲ့ အီရတ်နိုင်ငံပဲဖြစ်ဖြစ်၊ အာဖဂန်နစ္စတန်က တာလီဘန်တွေပဲဖြစ်ဖြစ်၊ တခြား ပနားမား၊ လစ်ဗျားနိုင်ငံတို့ကိုပဲ ဖြစ်ဖြစ်၊ ခင်ဗျားပြောသလိုပေါ့။ အမေရိကန်က တခြားနိုင်ငံတစ်ခုကို ဒီလိုတိုက်ခိုက်တိုင်း အဓိကအနေနဲ့ အဲဒီနိုင်ငံတွေက ပြည်သူတွေပဲ အများဆုံးထိခိုက်ခံစားဒုက္ခရောက်ကြရတယ်” လို့ ပြောကြားခဲ့ပါတယ်။
မာဒူရိုကို အာဏာရှင်အဖြစ် နှစ်ပါတီ ရှုတ်ချနေပေမယ့်လည်း တက်ကြွလှုပ်ရှားသူတချို့ကလည်း သူ့ကို လွှတ်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။
ဆန္ဒပြသူတွေဟာ နယူးယေ့ာခ်မြို့မှာဆိုရင် ဘရွတ်ကလင်းမြို့နယ်က ထိန်းသိမ်းရေးစခန်းအပြင်ဘက်မှာ စုဝေးခဲ့ကြပြီး ဖမ်းဆီးခံထားရတဲ့ သမ္မတမာဒူရိုကို အခုချက်ချင်း လွှတ်ပေးပါလို့ ကြွေးကြော်ခဲ့ကြပါတယ်။
အလားတူပါပဲ၊ ဗင်နီဇွဲလားမှာ အမေရိကန်ရဲ့ စစ်ရေးလှုပ်ရှားမှုနဲ့ သမ္မတ နီကိုလတ်စ် မာဒူရိုကို ဖမ်းဆီးမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ ကမ္ဘာတစ်ဝန်းရှိ မြို့ကြီးတွေမှာ ဖြစ်ပွားခဲ့ပါတယ်။

ဗင်နီဇွဲလားမှ မိုင် ၉,၀၀၀ (ကီလိုမီတာ ၁၄,၅၀၀) ခန့် အကွာမှာရှိတဲ့ တောင်ကိုရီးယားနိုင်ငံမြို့တော် ဆိုးလ်ရှိ အမေရိကန်သံရုံးအနီးမှာ ဆန္ဒပြသူ ပေါင်းများစွာသည်လည်း အမေရိကန်ရဲ့ စစ်ရေးဝင်ရောက် စွက်ဖက်မှုကို ရှုတ်ချတဲ့ဆန္ဒပြပွဲတစ်ခု ဇန်နဝါရီလ ၅ ရက်က ပြုလုပ်ခဲ့ကြပါတယ်။
“ဗင်နီဇွဲလားနိုင်ငံက လူတိုင်း မာဒူရိုအစိုးရကို ထောက်ခံတယ်လို့ ကျွန်တော် မထင်ပါဘူး။ ဒါပေမယ့် မာဒူရိုအစိုးရကို တရားစီရင်ပိုင်ခွင့်ဟာ အမေရိကန်နဲ့ မသက်ဆိုင်ပါဘူး”လို့ တက်ကြွလှုပ်ရှားသူ ယန်ဟိုယောင်းက ရိုက်တာသတင်းဌာနကို ပြောကြားခဲ့ပါတယ်။
“ဒါက ဗင်နီဇွဲလားနိုင်ငံသားတွေကိုယ်တိုင် ဆုံးဖြတ်သင့်တဲ့ ကိစ္စပါ။ အမေရိကန်က ဝင်ရောက်စွက်ဖက်ပြီး ဒီမိုကရေစီကို ဖော်ဆောင်ပေးမယ်လို့ ပြောဆိုတာဟာ အဓိပ္ပါယ်မရှိပါဘူး။ အမှန်တော့ အမေရိကန် ပြည်ထောင်စုဟာ ဒီမိုကရေစီအကြောင်း ပြောဆိုနိုင်တဲ့ အနေအထားမှာ မရှိပါဘူး” လို့ ယန်က ထပ်လောင်းပြောကြားခဲ့ပါတယ်။
ဆန္ဒပြသူတွေထဲကတစ်ဦးက စစ်တပ်ပုံစံ ယူနီဖောင်းဝတ်ဆင်ထားပြီး သေနတ်အတုကိုင်ဆောင်ထားကာ “ကျွန်တော့်ရဲ့ ရေနံ” လို့ တံဆိပ်ကပ်ထားတဲ့ အမေရိကန် သမ္မတ ဒေါ်နယ်ဒ်ထရမ့်ပ် မျက်နှာပုံ ကတ်ထူပြားကြီးတစ်ခု ကိုင်ဆောင်ထားပါတယ်။

မာဒူရိုကို ဖြုတ်ချခြင်းက မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ကို သူ့ရဲ့ နျူကလီးယားလက်နက် အစီအစဉ် ရှေ့ဆက်လုပ်ဆောင်ဖို့ ရဲဆေးတင်ပေးသလိုဖြစ်မှာကိုလည်း စိုးရိမ်မှုများစွာရှိနေကြပါတယ်။
အလားတူ လူအုပ်ကြီးတွေ လမ်းများပေါ်ကို ထွက်လာတဲ့ ဆန္ဒပြပွဲတွေက တူရကီနိုင်ငံက အစ္စတန်ဘူလ်နဲ့ အန်ကာရာမြို့တွေ၊ ကိုလံဘီယာနိုင်ငံက ဘိုဂိုတာမြို့၊ စပိန်နိုင်ငံက မက်ဒရစ်မြို့၊ အိန္ဒိယနိုင်ငံက နယူးဒေလီမြို့နဲ့ ပါကစ္စတန်နိုင်ငံ ကရာချိမြို့တို့မှာလည်း ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
Ref : CNN, The Guardian
