ပုံစာ။ မြ၀တီဒေသရှိ အွန်လိုင်းလိမ်လည်မှု ကျားဖြန့်ဂိုဏ်းများ၏ အဆောက်အအုံများကို မြန်မာအစိုးရ စီးနင်း ဖြိုဖျက်နေမှု ပုံရိပ်။
သက်တံ့
၅. ၁. ၂၀၂၆
ကျားဖြန့် နာမည်ကျော် အွန်လိုင်းငွေလိမ်ဂိုဏ်းများသည် မြန်မာ့နယ်စပ်မြို့များမှတစ်ဆင့် ကမ္ဘောဒီးယားနိုင်ငံအတွင်းပိုင်း ပိုမိုကျသည့် ဘန်တေမိန်းချေးပြည်နယ်၊ မာလိုင်မြို့ရှိ အဆောက်အအုံသစ်တစ်ခုသို့ ပြောင်းရွှေ့သွားကြပြီဖြစ်ကြောင်း ထိုင်းဘုရင့်ရဲတပ်ဖွဲ့ (Royal Thai Police) က ပြောကြားခဲ့သည်။
ထိုင်းဘုရင့်ရဲတပ်ဖွဲ့၏ ဆိုက်ဘာလိမ်လည်မှု တိုက်ဖျက်ရေးဗဟိုဌာန (ACSC) က ၎င်းတို့၏ ထောက်လှမ်းရေးသတင်းများအရ နိုင်ငံတကာအွန်လိုင်းငွေလိမ်ဂိုဏ်းများသည် မြန်မာနိုင်ငံ နယ်စပ်မြို့များရှိ ၎င်းတို့၏ အခြေစိုက်စခန်းများကို ကမ္ဘောဒီးယားနိုင်ငံသို့ ပြောင်းရွှေ့သွားကြောင်း စုံစမ်းသိရှိရသည်ဟု ဆိုသည်။

အဆိုပါ ငွေလိမ်ဂိုဏ်းများသည် ကမ္ဘောဒီးယားနိုင်ငံ၊ ဘန်တေမိန်းချေးပြည်နယ်၊ မာလိုင်မြို့တွင် လိမ်လည်မှုလုပ်ငန်းများ လုပ်ဆောင်ရန် အဆောက်အအုံအသစ်တစ်ခုကို တည်ထောင်ထားကြောင်း ACSC က ပြောသည်။ ထိုအဆောက်အအုံသည် နယ်စပ်မြို့ဖြစ်သော ပွိုင်ပက် (Poipet) မှ ၅၀ ကီလိုမီတာခန့် ကွာဝေးပြီး နိုင်ငံအတွင်းပိုင်းသို့ ပိုမိုကျရောက်ကြောင်း သိရသည်။
၎င်းဂိုဏ်းများသည် ကနဦးတွင် ရုံးခန်းနှင့် လူနေအိမ်ရာ သီးခြားစီပါဝင်သည့် နှစ်ထပ်အဆောက်အအုံကို တည်ဆောက်ခဲ့ကြကြောင်း၊ အဆိုပါ အဆောက်အအုံသည် မာလိုင်ပန်းခြံ (Malai Park) အနီးတွင် တည်ရှိကြောင်း ACSC က ထပ်လောင်းပြောကြားခဲ့သည်။
ထိုအဖွဲ့များသည် လုပ်ငန်းခွင်အဆောက်အအုံများကို ထပ်မံချဲ့ထွင်နေကြပြီး ထိုင်း၊ အိန္ဒိယနှင့် အင်ဒိုနီးရှား အပါအဝင် နိုင်ငံအသီးသီးမှ ဝန်ထမ်းများကို ငှားရမ်းထားကြောင်း သိရသည်။ တရုတ်နိုင်ငံသားများသည် ထိုလုပ်ငန်းများကို ဦးဆောင်နေခြင်းဖြစ်ပြီး ကမ္ဘာတစ်ဝန်းရှိ သားကောင်ဖြစ်မည့်သူများကို လှည့်ဖြားရန် အသုံးချနေခြင်းဖြစ်ကြောင်း ACSC က စွပ်စွဲထားသည်။

မြန်မာနိုင်ငံရှိ ရွှေကုက္ကိုလ်နှင့် KK Park ဒေသများမှ အွန်လိုင်းငွေလိမ်လုပ်ငန်းများကို နှိမ်နင်းရန်အတွက် ထိုင်းနှင့် တရုတ်နိုင်ငံတို့က မြန်မာအာဏာပိုင်များနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ပြီးနောက် အဆိုပါဂိုဏ်းများသည် ၎င်းတို့၏ အခြေစိုက်စခန်းများကို ကမ္ဘောဒီးယားသို့ ပြောင်းရွှေ့သွားကြခြင်းဖြစ်ကြောင်း ACSC က ဆိုသည်။
ငွေလိမ်ဂိုဏ်းများသည် ဘေးကင်းလုံခြုံမှုအတွက် ကမ္ဘောဒီးယားနိုင်ငံအတွင်းပိုင်းသို့ ပြောင်းရွှေ့သွားခြင်းဖြစ်ပြီး ထိုင်းနှင့် ကမ္ဘောဒီးယား နယ်စပ်တင်းမာမှုများ၏ နောက်ဆက်တွဲအကျိုးသက်ရောက်မှုများကို ရှောင်ရှားရန်အတွက်လည်း ပါဝင်ကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။
ထိုအပြင် မာလိုင်မြို့ရှိ ဂိုဏ်းများက ထိုင်းပြည်သူများကို ပစ်မှတ်ထားခြင်းမှ ကာကွယ်နိုင်မည့် အစီအမံများကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း ACSC က ပြောကြားခဲ့ပြီး၊ လက်ရှိအခြေအနေမှာ ပိုမိုပြင်းထန်ကာ ရှုပ်ထွေးလာနေသဖြင့် မည်သည့်နိုင်ငံကမျှ ထိုကဲ့သို့သော တရားမဝင်ဘဲ ဘေးဥပါဒ်ဖြစ်စေသည့် လုပ်ငန်းများကို လက်ခံခြင်းမပြုရန် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် တားဆီးကာကွယ်ရေး အဆင့်ဆင့်ကို စဉ်းစားသင့်ကြောင်း တိုက်တွန်းပြောကြားခဲ့သည်။
Ref : The Nation

