နေမိုး
၅. ၁. ၂၀၂၆
ပခုက္ကူ-မြိုင် ကားလမ်းပေါ် PDF များက ဒရုန်းဖြင့် Drop Bomb ချ တိုက်ခိုက်မှုကြောင့် ခရီးသည်တင်သုံးဘီးယာဉ်ပေါ် ကျရောက်ပေါက်ကွဲသွားသဖြင့် အပြစ်မဲ့ ပြည်သူနှစ်ဦးသေဆုံးပြီး ငါးဦးဒဏ်ရာရမှု ဖြစ်ပွားခဲ့သည်။
NUG ဩဇာခံ PDF များ၏ ကျူးလွန်မှုဖြစ်စဉ်မှာ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၃ ရက် မွန်းလွဲ ၂ နာရီ ၄၅ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ အင်ပင်ကျေးရွာအနီး ပခုက္ကူ-မြိုင်သွားကားလမ်းပေါ်သို့ PDF များက အများပြည်သူထိခိုက်စေရန် ရည်ရွယ်၍ ပစ်ချလိုက်သည့် Drop Bomb များ ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အဆိုပါနေရာအနီး ဖြတ်သန်းသွားလာလျက်ရှိသည့် ခရီးသည်တင်သုံးဘီးဆိုင်ကယ်တစ်စီးအား ဗုံးသီးပေါက်ကွဲစများ ထိမှန်ခဲ့သဖြင့် ယာဉ်မောင်းဖြစ်သူ ပခုက္ကူမြို့နယ်၊ အမှတ်(၁၁)ရပ်ကွက်နေ ဦးမျိုးထွန်းဦး (၄၀) နှစ်နှင့် ယာဉ်ပေါ်တွင် လိုက်ပါလာသူများ ဖြစ်ကြသည့် အမှတ်(၁၅) ရပ်ကွက်နေ ဒေါ်ဝင်းဌေး (၅၀) နှစ်တို့တွင် ဗုံးသီးပေါက်ကွဲစထိမှန်ဒဏ်ရာများ ရရှိကာ သေဆုံးသွားခဲ့ပြီး ကျန်ခရီးသည်များဖြစ်ကြသော လယ်ယာကျေးရွာနေ ကိုခန့်ဇော် (၂၂) နှစ်၊ အမှတ်(၆)ရပ်ကွက်နေ ဒေါ်ခင်မာဌေး (၅၄) နှစ်၊ အမှတ်(၅) ရပ်ကွက်နေ ဒေါ်လှိုင်လှိုင်ဝေ (၂၉) နှစ်နှင့် ဒေါ်ထွေးတင် (၆၂) နှစ်၊ မြိုင်မြို့နယ်၊ ဝက်ပုတ်ကျေးရွာနေ ပြည်သူ့စစ်အဖွဲ့ဝင် ဦးကျော်မြင့် (၆၃) နှစ်တို့တွင် ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများ ရရှိခဲ့၍ သေဆုံး/ဒဏ်ရာရရှိသူများအား ပခုက္ကူခရိုင် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။

ထိုဖြစ်စဉ်နှင့် တစ်ပြိုင်နက်တည်းလိုလိုပင် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၃ ရက် မွန်းလွဲ ၂ နာရီ ၄၀ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊ အမှတ်(၄)ရပ်ကွက်သို့ PDF များက အများပြည်သူ ထိခိုက်စေရန် ရည်ရွယ်၍ Drone ဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက်ခဲ့ရာ အဆိုပါရပ်ကွက်ရှိ ချင်းတွင်းမြစ်ကမ်းတွင် ရပ်တန့်ထားသည့် မုံရွာမြို့မှ စုန်ဆင်းလာသည့် ကျောက်မီးသွေးများ တင်ဆောင်လာသော “ရွှေလွန်းပျံ” တွန်းသင်္ဘောပေါ်သို့ Drop Bomb တစ်လုံး ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် သင်္ဘောယာဉ်ပေါ်၌ ရှိနေသူများဖြစ်ကြသည့် ရေယာဉ်မောင်းအကူဖြစ်သူ မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်၊ ဟင်္သာဖိုရွာသစ်ကျေးရွာနေ ဦးနေမျိုး(၂၆)နှစ်နှင့် ဇနီးဖြစ်သူ ဒေါ်အိအိသူ(၂၇)နှစ်၊ သားဖြစ်သူ မောင်မင်းပြည့်လျှံ(၂)နှစ်၊ သမီးဖြစ်သူ မပိုးရတီထက်(၉)နှစ်၊ ရေယာဉ် စက်ဆရာဖြစ်သူ ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်၊ အထောင်မြို့၊ အမှတ်(၄)ရပ်ကွက်နေ ဦးနိုင်ဦး(၄၂)နှစ်တို့တွင် ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများ ရရှိခဲ့၍ ဒဏ်ရာရရှိသူများအား ရေစကြိုမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
