၅.၁.၂၀၂၆
Translated by Htwe Ko Tun
အမေရိကန်က ဗင်နီဇွဲလားနိုင်ငံမြို့တော် ကာရာကာ့စ်ကို ဇန်နဝါရီလ ၃ ရက် နံနက်အစောပိုင်းက ဝင်ရောက်တိုက်ခိုက်ခဲ့ကာ သမ္မတနီကိုလပ်စ်မာဒူရိုကို ဖမ်းဆီးခေါ်ဆောင်သွားပြီးတဲ့နောက်မှာတော့ ဗင်နီဇွဲလားအစိုးရအဖွဲ့ဝင်တွေက နိုင်ငံကို ပြုပြင်ပုံသွင်းဖို့ သူ့ရဲ့ကြိုးပမ်းမှုမှာ ပူးပေါင်းဆောင်ရွက်မှု မရှိကြရင် အမေရိကန်က ဗင်နီဇွဲလားအပေါ် ဒုတိယအကြိမ် စစ်ရေးတိုက်ခိုက်မှုပြုလုပ်နိုင်တယ်လို့ ထရမ့်ပ်က ဇန်နဝါရီလ ၄ ရက်မှာ ခြိမ်းခြောက် ပြောကြားခဲ့ပါတယ်။
သမ္မတဒေါ်နယ်ဒ် ထရမ့်ပ်က Air Force One လေယာဉ်ပေါ်မှာ သတင်းထောက်တွေကို မှတ်ချက်ပေးပြောကြားခဲ့မှုတွေက လက်တင်အမေရိကမှာ အမေရိကန်ရဲ့စစ်ရေးစွက်ဖက်မှုများ ထပ်မံဖြစ်ပွားနိုင်ခြေကို မြင့်တက်စေခဲ့ပါတယ်။ ဒါပြင် ထရမ့်ပ်က အမေရိကန်ကို မူးယစ်ဆေးဝါးများ စီးဆင်းမှုကို မလျှော့ချဘူးဆိုရင် ကိုလံဘီယာနဲ့ မက္ကဆီကိုတို့လည်း စစ်ရေးအရ အရေးယူခံရနိုင်တယ်လို့ ပြောခဲ့ပါတယ်။

“ကိုလံဘီယာစစ်ဆင်ရေး” က သူ့အတွက် ကောင်းမွန်အောင်မြင်တယ်လို့ ထရမ့်ပ်က ပြောကြားခဲ့ပါတယ်။ ဗင်နီဇွဲလားရဲ့ မဟာမိတ်ကျူးဘားနိုင်ငံဆိုရင်လည်း အမေရိကန်က စစ်ရေးအရ အရေးယူမှုမပြုဘဲနဲ့တောင် သူတို့ဘာသာ ပြိုလဲမယ့်ပုံဖြစ်နေပြီလို့လည်း ထရမ့်ပ်က ပြောကြားခဲ့ပါသေးတယ်။
မူးယစ်ဆေးဝါးစွဲချက်တွေနဲ့ တရားစွဲခံထားရတဲ့ မာဒူရိုကတော့ ဇန်နဝါရီလ ၅ ရက်မှာ တရားရင်ဆိုင်ဖို့ နယူးယော့ခ်မြို့ရှိ ထိန်းသိမ်းရေးစခန်းတစ်ခုမှာ ရုံးထုတ်ဖို့ စောင့်ဆိုင်းနေတယ်လို့ သိရပါတယ်။ အမေရိကန်က သူ့ကို ဖမ်းဆီးထားတာက ရေနံကြွယ်ဝတဲ့ တောင်အမေရိကနိုင်ငံအဖို့ နောက်ထပ် ဘာဖြစ်လာမယ်ဆိုတာကို မရေမရာဖြစ်စေခဲ့ပါတယ်။
ထရမ့်ပ်က သူ့ရဲ့အစိုးရဟာ မာဒူရိုအစိုးရရဲ့ ကျန်အဖွဲ့ဝင်တွေနဲ့ ပူးပေါင်းပြီး အစိုးရအသစ်တစ်ရပ် ဖွဲ့စည်းကာ မူးယစ်ဆေးဝါးရောင်းဝယ်မှုကို နှိမ်နင်းဖို့နဲ့ ရေနံလုပ်ငန်းကို ပြန်လည်ပြုပြင်ဖို့ လုပ်ဆောင်သွားမယ်၊ ဆက်လက်ပြီး ရွေးကောက်ပွဲတွေ ချက်ချင်းပြုလုပ်ဖို့ တွန်းအားပေးမယ်လို့ ပြောကြားခဲ့ပါတယ်။
မာဒူရိုအစိုးရရဲ့ အဆင့်မြင့်တာဝန်ရှိသူတွေဟာ ဆက်လက်တာဝန်ယူနေဆဲဖြစ်ပြီး သူတို့က မာဒူရိုနဲ့ ဇနီး ဆီလီယာ ဖလောရက်စ်တို့ကို ဖမ်းဆီးတာက ပြန်ပေးဆွဲမှုတစ်ခုသက်သက်သာဖြစ်တယ်လို့ ခေါ်ဆိုခဲ့ ကြပါတယ်။
ပြည်ထဲရေးဝန်ကြီး ဒီကိုစ်ဒါဒို ကာဘယ်လိုက အာဏာရ PSUV ဆိုရှယ်လစ်ပါတီမှ ထုတ်ပြန်တဲ့ အသံသွင်းချက်မှာ “ဒီမှာ သမ္မတတစ်ဦးတည်းပဲရှိတယ်။ သူ့နာမည်က နီကိုလပ်စ် မာဒူရို မိုရို့စ်။ ရန်သူရဲ့ ရန်စမှုတွေအတွက် ဘယ်သူမှ မကျဆုံးစေနဲ့” လို့ ပြောကြားခဲ့ပါတယ်။

အသက် ၆၃ နှစ်အရွယ် မာဒူရိုကို မျက်စိစည်းပြီး လက်ထိပ်ခတ်ခံထားရတဲ့ပုံတွေထွက်ပေါ်လာရာမှာတော့ ဗင်နီဇွဲလားပြည်သူတွေကို အံ့အားသင့်စေခဲ့ပါတယ်။ ဒီစစ်ဆင်ရေးက လွန်ခဲ့သော ၃၇ နှစ်က ပနားမားကို ကျူးကျော်ပြီးတဲ့နောက် လက်တင်အမေရိကမှာ အမေရိကန်အစိုးရရဲ့ အငြင်းအခုန်ဖြစ်စရာ အကောင်းဆုံး စစ်ရေးစွက်ဖက်မှုလည်းဖြစ်ခဲ့ပါတယ်။
ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး ဗလာဒီမာ ပါဒရီနိုက အမေရိကန်ရဲ့ တိုက်ခိုက်မှုက စစ်သားတွေ၊ အရပ်သားတွေနဲ့ မာဒူရိုရဲ့ လုံခြုံရေးတွေကို သွေးအေးအေးနဲ့ သတ်ဖြတ်ခဲ့တယ်လို့ နိုင်ငံပိုင်ရုပ်မြင်သံကြားမှာ ပြောကြားခဲ့ပါတယ်။ သူက ဗင်နီဇွဲလားရဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေဟာ အချုပ်အခြာအာဏာကို အာမခံဖို့ လှုပ်ရှားဆောင်ရွက်နေတယ်လို့လည်း ပါဒရီနိုက ပြောကြားခဲ့ပါတယ်။ ကျူးဘားအစိုးရကလည်း တိုက်ခိုက်မှုမှာ ကျူးဘားနိုင်ငံသား ၃၂ ဦး သေဆုံးခဲ့ရတယ်လို့ ပြောကြားခဲ့ပါတယ်။
အခုအခါ ရေနံဝန်ကြီးတာဝန်လည်း ထမ်းဆောင်တဲ့ ဒုတိယသမ္မတ ဒယ်လ်စီ ရိုဒရီဂွက်ဇ်ဟာ ဗင်နီဇွဲလားရဲ့ အမြင့်ဆုံးတရားရုံးချုပ် ထောက်ခံမှုနဲ့ ယာယီခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့ပြီး မာဒူရိုက သမ္မတအဖြစ် ဆက်လက်ရှိနေမယ်လို့ ပြောကြားခဲ့ပါတယ်။
ထရမ့်ပ်က The Atlantic မဂ္ဂဇင်းနဲ့ တွေ့ဆုံမေးမြန်းခန်းတစ်ခု ဇန်နဝါရီလ ၄ ရက်က လုပ်ခဲ့ရာမှာ ရိုဒရီဂွက်ဇ်ဟာ မာဒူရိုထက် မှန်ကန်သောအရာကို မလုပ်ဆောင်ဘူးဆိုရင် ပိုမိုကြီးမားတဲ့ တန်ဖိုးကို ပေးဆပ်ရနိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။
ဒါပေမယ့် ထရမ့်ပ်အနေနဲ့ အသက် ၅၈ နှစ်အရွယ် အတိုက်အခံခေါင်းဆောင်နဲ့ နိုဘယ်ငြိမ်းချမ်းရေး ဆုရှင်မာရီယာ ကိုရီနာ မာချာဒိုက အာဏာလွှဲပြောင်းယူဖို့ အကြံအစည်ကို အနည်းငယ်သာအာရုံထားပြီး ထောက်ခံမှုမရှိတော့တာက ဗင်နီဇွဲလားအတိုက်အခံတွေအတွက် စိတ်ပျက်အားငယ်စေခဲ့ရတယ်လို့ သိရပါတယ်။
ကုလသမဂ္ဂလုံခြုံရေးကောင်စီက အမေရိကန်ရဲ့ တိုက်ခိုက်မှုကို ဆွေးနွေးဖို့ ဇန်နဝါရီလ ၅ ရက်မှာ အရေးပေါ်ညီလာခံခေါ်ယူပြီး တွေ့ဆုံဆွေးနွေးဖို့ စီစဉ်ထားပါတယ်။
Ref : Daily Star

