၅.၁ .၂၀၂၆
Written by Thiri
YBS – 65 ယာဉ် ဘရိတ်ပေါက်ကာ လမ်းဘေးလမ်းလျှောက်နေသူကို နောက်ကနေ ဝင်တိုက်လို့ ယာဉ်တိုက်ခံရသူသေဆုံးခဲ့တဲ့ဖြစ်စဉ် ဒီနေ့ ဇန်နဝါရီ ၅ ရက်နေ့ မွန်းမတည့်မီအချိန်က ဖြစ်ပွားခဲ့တယ်လို့ အင်းစိန်မြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
ဖြစ်စဉ်ဖြစ်ပွားတဲ့နေရာက ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ရွာမအရှေ့ရပ်ကွက်၊ အောက်မင်္ဂလာဒုံလမ်းမကြီးပေါ်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ယာဉ်တိုက်ခံရသူက အသက် ၃၀ ဝန်းကျင် မြန်မာ့ဆက်သွယ်ရေးက ဝန်ထမ်းတစ်ဦးလို့ သိရပါတယ်။
အင်းစိန်မြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ တာဝန်ရှိသူက “YBS က ခရီးသည်မပါဘူး။ ထမင်းစားပြန်နားတဲ့ ကားလို့တော့သိရတယ်။ ဘရိတ်ပေါက်ပြီး လမ်းဘေး လေထိုးကျွတ်ဖာ တာယာဆိုင်ကို ဝင်တိုက်တာ။ အဲ့ဒီနားမှာ ဆက်သွယ်ရေးကြိုးတွေ ပြင်နေတဲ့ ဝန်ထမ်းကိုတိုက်မိတာ။ ဦးခေါင်းပွင့်ထွက်ပြီး နေရာတင် ဆုံးပါတယ်။ ယာဉ်မောင်းလည်း ပူးပေါင်းပါတယ်။ မပြေးပါဘူး” လို့ MT News က ဆက်သွယ် မေးမြန်းတာကို ပြန်လည်ဖြေကြားပါတယ်။
အဆိုပါယာဉ်တိုက်မှု ဖြစ်ပွားတဲ့သတင်းအရ ကြက်ခြေနီစေတနာ့လုပ်အားရှင်တွေက ရှေးဦးပြုစုခြင်းနဲ့ ကြက်ခြေနီအရေးပေါ် လူနာတင်ယာဉ်အကူအညီပေးဖို့ သွားရောက်ခဲ့ရာလူနာအမျိုးသား(သေဆုံး)သူတစ်ဦးကို စနစ်တကျသယ်ဆောင်ပေးပြီး ကနောင်နာကူ/ရှင်ကူအသင်းမှ ယာဉ်နဲ့ အင်းစိန်ဆေးရုံဆီ ပို့ဆောင်ကူညီပေးခဲ့တယ်လို့ သိရပါတယ်။


