၅ .၁.၂၀၂၆
Written by Thiri
ကားပေါ်က ပစ္စည်းကျသွားလို့ ကားရပ်ကာ ဆင်းကောက်တဲ့ အမျိုးသားကြီးတစ်ဦးကို နောက်ကမောင်းလာတဲ့ တွဲကားက ဝင်တိုက်မိလို့ သေဆုံးတဲ့ဖြစ်စဉ် ဒီနေ့ ဇန်နဝါရီ ၅ ရက်နေ့ မွန်းလွဲပိုင်းက နေပြည်တော်၊ ပျဉ်းမနားမြို့၊ ရန်ကုန်မန္တလေး လမ်းဟောင်းမှာဖြစ်ပွားခဲ့တယ်လို့ မိုးစေတနာ ပရဟိတအသင်းထံကနေ သိရပါတယ်။
ဖြစ်စဉ်က နေပြည်တော်၊ ပျဥ်းမနားမြို့နယ်၊ ရန်ကုန်- မန္တလေးလမ်းဟောင်း၊ ပုရွက်ဆိတ်ကုန်းကျေးရွာအကျော်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး အသက် ၇၂ နှစ်အရွယ် အမျိုးသားကြီးမောင်းနှင်လာတဲ့ ဟိုက်ဂျက်ယာဉ်ပေါ်ကနေ တာလပတ်စ လွင့်ကျခဲ့တာကို ယာဉ်လမ်း အောက်ကြောမှာ ကားရပ်ပြီး ပြန်လည်ဆင်းကောက်ရင်း နောက်ကနေ မောင်းနှင်လာတဲ့ တွဲကားနဲ့ ပွတ်တိုက်မိကာ ထိခိုက်ဒဏ်ရာပြင်းထန်စွာရရှိခဲ့တာလို့ သိရပါတယ်။


“သူက ကားကို လမ်းဘေးချရပ်တာမျိုးမဟုတ်ဘဲ တင်ရပ်ထားခဲ့ပြီး နောက်ပြန်လျှောက်ပြီး ပစ္စည်းကောက်တာ။ အဲ့ဒါကို ဘိလပ်မြေ တင်လာတဲ့ တွဲကားက ဝင်တိုက်တာ။ ဦးခေါင်းနောက့်စေ့ ပွင့်ထားတယ်။ ဆေးရုံအသွား လမ်းမှာပဲ ဆုံးတယ်” လို့ မိုးစေတနာလူမှုကူညီရေးအသင်းတာဝန်ရှိသူက ပြောပါတယ်။
လူနာတင်ယာဉ်ပေါ်မှာ သေဆုံးခဲ့တဲ့လူနာကို မိုးစေတနာလူမှုကူညီရေးအသင်းကပဲ ပျဉ်းမနား ခုတင်၂၀၀ ပြည်သူ့ဆေးရုံဆီ ပို့ဆောင်ပေးခဲ့ပြီး အဲ့ဒီကနေတစ်ဆင့် ရင်ခွဲရုံဆီ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
