သက်တံ့
၅. ၁. ၂၀၂၆
အွန်လိုင်းပေါ်မှာ Follower ငါးသောင်းကျော်နဲ့ နာမည်ကြီးနေတဲ့ တရုတ်နိုင်ငံသူ “Umi “(အမည်ဝှက်) လို့ခေါ်တဲ့ အွန်လိုင်းဆယ်လီမလေးတစ်ယောက်ဟာ ကမ္ဘောဒီးယားမှာ လစာကောင်းတဲ့ အလုပ်ရမယ်ဆိုတဲ့ မက်လုံးနဲ့ ရည်းစားရဲ့ လှည့်ဖြားခံရပြီး နောက်ဆုံးမှာတော့ လမ်းဘေးရောက် အခြေအနေမဲ့ လူမွဲဘဝနဲ့ ပြန်တွေ့ခဲ့ရတဲ့အကြောင်း ကမ္ဘောဒီးယားအခြေစိုက် Khmer Times သတင်းဌာနက ဒီနေ့ ဖော်ပြလာပါတယ်။
ဒီသတင်းဟာ တရုတ်နိုင်ငံမှာတော့ တကယ်ကို ဟိုးလေးတကျော် ဖြစ်သွားခဲ့ပါတယ်။ ဖြစ်စဉ်ကတော့ မျိုးရိုးအမည် Wu လို့ သိရတဲ့ အသက် ၂၀ ကျော်အရွယ် အမျိုးသမီးလေး ပျောက်ဆုံးသွားရာကနေ စတာပါ။ သူမဟာ ကမ္ဘောဒီးယားမှာရှိတဲ့ သူမရဲ့ တရုတ်လူမျိုး ရည်းစားဖြစ်သူက “ဒီမှာ အတူတူ အလုပ်လုပ်ပြီး ချမ်းသာတဲ့ အနာဂတ်ကို တည်ဆောက်ကြမယ်” ဆိုပြီး ခေါ်တာကြောင့် မိသားစုကိုပြောကာ ထွက်သွားခဲ့တာဖြစ်ပါတယ်။
ဒါပေမဲ့ ကမ္ဘောဒီးယားကို ရောက်သွားပြီး ၂၆ ရက်ကြာတဲ့အထိ မိသားစုနဲ့ အဆက်အသွယ် လုံးဝပြတ်သွားခဲ့ပါတယ်။ နောက်ဆုံးမှာတော့ သူမကို ကမ္ဘောဒီးယား လမ်းဘေးတစ်နေရာမှာ အဝတ်အစားနွမ်းပါးစွာနဲ့ တွေ့ရှိခဲ့ရပါတယ်။ တွေ့တဲ့အချိန်မှာ သူမရဲ့ အခြေအနေက အွန်လိုင်းပေါ်က မင်းသမီးလေးလို လှပနေတဲ့ ကြွကြွရွရွ ပုံရိပ်နဲ့ လုံးဝကို ကွာခြားနေခဲ့ပါပြီ။

သူမဟာ လက်ထဲမှာ ဓာတ်မှန် (X-ray) ဖလင်ပြားတွေကို ကိုင်ထားပြီး သူမရဲ့ ခြေထောက်နှစ်ဖက်လုံးမှာ ဒဏ်ရာတွေရနေသလို၊ ကိုယ်ထိလက်ရောက် စော်ကားခံထားရတဲ့ လက္ခဏာတွေလည်း အထင်အရှား တွေ့ရပါတယ်။ စိတ်ပိုင်းဆိုင်ရာမှာလည်း ထိခိုက်နေပြီး စကားကို ကောင်းကောင်းမွန်မွန် မပြောနိုင်တော့တဲ့ အခြေအနေမျိုး ဖြစ်နေပါတယ်။
ဒီမတိုင်ခင်ကတော့ သူမရဲ့ မိသားစုက ဖနွမ်းပင်မြို့က တရုတ်သံရုံးကို အကူအညီတောင်းခဲ့လို့ သံရုံးက ကမ္ဘောဒီးယားရဲတပ်ဖွဲ့နဲ့ ပူးပေါင်းပြီး အသည်းအသန် ရှာဖွေခဲ့ကြတာပါ။ နောက်ဆုံး ဇန်နဝါရီ ၃ ရက် (စနေနေ့) မှာတော့ သူမကို ဆေးရုံတစ်ခုမှာ ကျန်းမာရေး အလွန်ဆိုးရွားတဲ့ အခြေအနေနဲ့ တွေ့ရှိခဲ့ပါတယ်။ အခုတော့ သံရုံးက သူမကို အရေးပေါ် ကုသမှုခံယူဖို့ စီစဉ်ပေးထားပြီး အခြေအနေ တည်ငြိမ်တာနဲ့ ဖြစ်စဉ်ကို စစ်ဆေးပြီးနောက်ပိုင်း သူမကို မိခင်နိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံဆီကို ပြန်ပို့ပေးသွားမှာပါ။
တကယ်တော့ ဒီအမျိုးသမီးလေးဟာ တရုတ်နိုင်ငံ ဖူကျန့်ပြည်နယ်က နာမည်ကြီး ကလပ်တစ်ခုမှာ အလုပ်လုပ်နေပြီး အွန်လိုင်းပေါ်မှာလည်း ကြွကြွရွရွ နေထိုင်တတ်သူပါ။ ပြီးခဲ့တဲ့ ဒီဇင်ဘာလတုန်းက သူမဟာ Live လွှင့်ပြီး “ရည်းစားက ခေါ်နေတယ်၊ သူက လုပ်ငန်းအကြီးကြီး လုပ်တာ၊ ငါ့ကို တကယ်ချစ်လို့ အတူနေဖို့ ခေါ်တာ” ဆိုပြီး ဂုဏ်ယူဝင့်ကြွားစွာ ပြောခဲ့ပါသေးတယ်။ အဲဒီအချိန်က ပရိသတ်တွေနဲ့ ဘေးပတ်ဝန်းကျင်ကလူတွေက “မသွားပါနဲ့၊ အန္တရာယ်ရှိတယ်” လို့ ဝိုင်းတားကြပေမဲ့ သူမကတော့ နားမထောင်ဘဲ သွားခဲ့တာပါ။

အခု သူမရဲ့ ပုံတွေကို မြင်လိုက်ရတဲ့ တရုတ် Social Media အသုံးပြုသူတွေဟာ တကယ်ကို တုန်လှုပ်သွားကြပါတယ်။ “သူမ ဘယ်လောက်တောင် နှိပ်စက်ခံခဲ့ရလို့ ဒီလိုဘဝ ရောက်သွားရတာလဲ” ဆိုပြီး စိတ်မကောင်းဖြစ်နေကြသလို မိသားစုအတွက်လည်း ကိုယ်ချင်းစာပေးနေကြပါတယ်။
ဒီသတင်းဖြစ်စဉ်က ပေးတဲ့ သင်ခန်းစာကတော့ အွန်လိုင်းပေါ်က ရည်းစားဖြစ်သူဖြစ်စေ၊ သူငယ်ချင်းဖြစ်စေ “နိုင်ငံခြားမှာ အလုပ်ကောင်းရမယ်၊ လစာကောင်းရမယ်” ဆိုတဲ့ စကားတွေကို အလွယ်တကူ မယုံကြည်ကြဖို့ပါပဲ။ အထူးသဖြင့် ကမ္ဘောဒီးယားလို နိုင်ငံမျိုးတွေမှာ ကျားဖြန့်နဲ့ လူကုန်ကူးမှု ဂိုဏ်းတွေ အများကြီးရှိနေတာကြောင့် ဘယ်လောက်ပဲ ရင်းနှီးပါတယ်ပြောပြော သေချာမသိဘဲ သွားရောက်ခြင်းက ကိုယ့်ဘဝကို အမှောင်ထဲ ပစ်ချလိုက်သလို ဖြစ်သွားနိုင်တယ်ဆိုတာ မိမိတို့ရဲ့ သူငယ်ချင်း၊ မောင်နှမတွေကိုလည်း သတိပေးလိုက်ကြပါဦး။
Ref : The Nation
